Press "Enter" to skip to content

ဒေါက်တာဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ် ယာယီဒုက္ခသည်စခန်းများသို့သွားရောက်

By Rohingya Vision TV Correspondents

၁၂.၀၄.၂၀၁၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာရှိ ယာယီဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများက ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း ရိုဟင်ဂျာတွေအတွက် ရသင့်ရထိုက်တဲ့ တရားမျှတတဲ့အခွင့်အရေးတွေကို တောင်းဆိုဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

မနက်အစောပိုင်းအချိန်တွင် စတင်ကာ ကူသူပါလောင်ဒုက္ခသည်စခန်းအမှတ် ၁ ၂  ၃ နဲ့ ၆ မှ ဒုက္ခသည်ရိုဟင်ဂျာများနဲ့ ဘာလူခါလီ၊ ဇမ်တူလီ၊ မူဆိုနီ၊လီဒ နဲ့ တန်ဟာလီဒုက္ခသည် စခန်းအမှတ် ၅မှ  ဒုက္ခသည် ရိုဟင်ဂျာများ ပူးပေါင်း ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြပါတယ်။

ဒုက္ခသည်ရိုဟင်ဂျာများရဲ့ တောင်းဆိုဆန္ဒပြမှုတွင် ရိုဟင်ဂျာတို့ရဲ့ ဘိုးဘွားပိုင်နေရပ်ရင်းသို့ အာမခံချက်ဖြင့် ဘေးကင်းလုံခြုံစိတ်ချစွာပြန်ရပြီး အားလုံးတန်းတူညီတူ နိုင်ငံသားအခွင့်အရေးများပေးအပ်ဖို့ အချက် ၁၃ ချက်ပါဝင်ကာ တရားမျှတမှုရရန် တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မနက် ၁၁နာရီ ၃၀မိနစ် ဝန်းကျင်တွင် ဒေါက်တာဝင်းမြတ်အေးဟာ ကူသူပါလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းသို့  ရောက်ရှိလာခဲ့ကာ ညနေပိုင်းအချိန်တွင် အခြားစခန်းများသို့လည်း သွားရောက်ကာ ရိုဟင်ဂျာ အယောက် ၄၀ ဖြင့်တွေ့ဆုံခဲ့ပြီး ၄င်းပြောဆိုချင်တာများကိုသာ ပြောဆိုသွားခဲ့ကာ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များရဲ့ မေးမြန်းမှုတွေကိုတော့ ဖြေနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒုက္ခသည်ရိုဟင်ဂျာတွေကို ပြန်လာဖို့သာခေါ်နေပြီး ရိုဟင်ဂျာတွေအတွက် တရားမျှတစွာဆောင်ရွက်ပေးဖို့ အာမခံချက်တစ်စုံတစ်ရာပေးသွားခြင်းမရှိပဲ၊ ပြန်လာရင် သက်ဆိုင်ရာ ဥပဒေနဲ့အညီ သတ်မှတ်ပြဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းအရ နိုင်ငံသားလျှောက်ထားဖို့အတွက် နိုင်ငံသားယခင်လို ကြံ့ကြာခြင်းမရှိပဲ ရနိုင်တော့မယ်လို့ သွေးဆောင်စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။ ရိုဟင်ဂျာတွေဘက်မှ မေးတဲ့ မေးခွန်းများဖြစ်တဲ့ မြန်မာစစ်အစိုးရက ရခိုင်ပြည်က ရိုဟင်ဂျာတွေအပေါ်ကျုးလွန်ထားတဲ့ ပြင်းထန်လှတဲ့ ရာဇဝတ်မှုတွေဖြစ်တဲ့ လူသတ်မှု၊ မုဒိန်းကျင့်မှုနဲ့ ရိုဟင်ဂျာတွေကို ဒေသပိုင်နယ်မြေတွေကနေ မောင်းထုတ်မှု တွေကိုတော့ တစ်စုံတစ်ရာပြန်လည်ဖြေကြားနိုင်ခြင်းမတွေ့ရပါဘူး။

ရိုဟင်ဂျာတွေ အထူးစိုးရိမ်တာက  အာဏာပိုင်တွေကပဲအကုန်လုံးကို မတရားကြံပြီး စွပ်စွဲကာ  ARSA ဆိုပြီးအမှုဖွင့်၊ အမှုလုပ်ထားခဲ့ကြောင်း ၊ဆက်ပြီးတော့လည်းဖမ်းမှာဖြစ်တယ်လို့ပြောနေတာက အရေးကြီးဆုံးဖြစ်နေကြောင်း၊ နောက်တစ်ခုကတော့ ရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်မှုဟာ တခြားတိုင်းရင်းသားတွေနဲ့ နည်းတူ တန်းတူမပေးပဲ အာဏာပိုင်တွေစကားကိုယုံပြီး ပြန်သွားပါက ဘင်္ဂလီလို့အမည်တပ်ကာ ရိုဟင်ဂျာလူမျိုးအား ဖျောက်ဖျက်မှာကြောင့် ရိုဟင်ဂျာတို့အတွက် ဘာမှ ဘ၀ အာမခံချက်မရှိတာကြောင့် မသွားနိုင်ကြောင်း ၊၄င်း ၂ ခုက အဓိက ဖြစ်နေပြီး နောက် လုံခြုံရေးဆိုတာကလည်း မြန်မာစစ်အစိုးရ ရဲ့ လုံခြုံရေးဖြစ်တာကြောင့် မယုံကြည်ကြောင်း၊ အားမကိုးကြောင်း၊ ကမ္ဘာ့ လုံခြုံရေး၊ ကုလသမဂ္ဂလုံခြုံရေးတွေကိုသာ လိုအပ်ကြောင်း  ၄င်း ၃ ခုက အဓိက ကျနေတာဖြစ်တယ်လို့ ကူတူးပလောင် ဒုက္ခသည် စခန်းက ဦးမောင်မောင်က ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်က မွတ်စ်လင်တွေကို ကမ္ဘာက ရိုဟင်ဂျာလို့ သိပေမဲ့ မြန်မာ အစိုးရကတော့ ရိုဟင်ဂျာမရှိဘူးလို့  လိမ်လည်ငြင်းဆိုနေပြီး နိုင်ငံသား အဖြစ်အသိအမှတ်မပြုခဲ့ပါဘူး။

အမှန်တကယ်တော့ ရိုဟင်ဂျာတွေဟာ ၁၇၈၄ ခုနစ် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်ကတည်းက အာရကန်ဒေသတွင်ရှိနေခဲ့တဲ့ သမိုင်းအထောက်အထားတွေကြောင့် ရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်ခွင့်ရဖို့ ကြိုးစားပေးစရာမလို၊ NVC ကဒ်ကိုင်ဆောင်စရာမလိုပဲ နိုင်ငံသားအဖြစ် မဖြစ်မနေလက်ခံပေးရမဲ့သူတွေဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကို နည်းပရိယာယ်သုံးကာ ပေါ်ပေါ်တင်တင်ကျူးလွန်နိုင်ဖို့ ထောက်ပံ့ပေးတဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ၄င်းဒေသတွင် တာဝန်ထမ်းဆောင်တဲ့ ရဲမှူးကြီး သူရစန်းလွင်တို့ဟာ နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ ရောက်ရှိမှာစိုးတာကြောင့် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့အဖွဲ့ဟာ ယခုလိုဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းဆီသို့ သွားရောက်ပြီး ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ရဖို့ ကြိုးစားပေးမယ်လို့ သွေးဆောင်ဖျားယောင်းကာ ပြန်လည်ခေါ်ဆောင်နေခြင်းဖြစ်ပါတယ်။

ဒေါက်တာဝင်းမြတ်အေးရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတွေအား နေရပ်ပြန်လာဖို့ သွေးဆောင်ခေါ်ဆိုမှုကြောင့် ရိုဟင်ဂျာ တစ်ရာ သို့ တစ်ထောင် တစ်သောင်းသာ ပြန်လာခဲ့မယ်ဆိုပါက မြန်မာစစ်အစိုးရက ရိုဟင်ဂျာတွေအပေါ် ရက်စက်စွာကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေဟာ နိုင်ငံတကာခုံရုံးသို့ ရောက်ရှိမဲ့ အခြေအနေမှ ကင်းလွတ်သွားမှာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွင်ပါဝင်တဲ့ ရိုဟင်ဂျာတွေကလည်း ရသင့်ရထိုက်သော အခွင့်အရေးများကို  ထုတ်ဖော်တောင်းဆိုခဲ့ကြကာ လက်ရှိဆက်လက်ဖြစ်ပွားနေတဲ့ ရိုဟင်ဂျာတွေခံစားနေရတဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို အရေးယူပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကလည်း ဒုက္ခသည်တွေကို လက်ခံထားရတဲ့အတွက် ဘယ်လိုစိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာ မြင်စေချင်ကြောင်း၊ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေးကို အမြန်ဆုံးဆောင်ရွက်ဖို့ကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.