Press "Enter" to skip to content

ဘူးသီးတောင်မြို့နယ်တွင် မြေမြှုပ်မိုင်းကြောင့် ရိုဟင်ဂျာလူငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ သရက်ပြင်ကျေးရွာအုပ်စု ရေချမ်းပြင်ရွာသစ်မှာ နေထိုင်တဲ့ ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာလူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ ရေချမ်းပြင်ရွာသစ်မှာနေထိုင်တဲ့ အသက်၁၂နှစ်အရွယ် မောင်နော်ဘီဟူဆောင်း (ဘ) ဦးအာမိရ်ဟူဆောင်းက လယ်ကွင်းထဲ နွားကျောင်းနေချိန်အတွင်းမှာပဲ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဘက်စလုံးကြေမွသွားခဲ့တဲ့အပြင် တခြားထိခိုက်ဒဏ်ရာတွေလည်းရရှိခဲ့တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။

မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ အပြစ်မဲ့ ရိုဟင်ဂျာလူငယ်ကို မိသားစုဝင်တွေက ဘူးသီးတောင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာစစ်တပ်နဲ့ AAတို့ရဲ့တိုက်ပွဲတွေကြား မသက်ဆိုင်တဲ့ ရိုဟင်ဂျာတွေ ခုလိုပဲ မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာရ သေဆုံးနေကြတာပဲဖြစ်ပါတယ်။

၂၀၁၇ခုနှစ်မှာ မြန်မာစစ်တပ်က လူမျိုးတုန်းစစ်ဆင်ရေးတွေပြုလုပ်ခဲ့တာကြောင့် သန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေ နေရပ်စွန့်ခွါထွက်ပြေးခဲ့ရပြီး မူလဒေသမှာကျန်နေခဲ့တဲ့ ရိုဟင်ဂျာ အနည်းငယ်ကတော့ အဘက်ဘက်က ဖိနှိပ်ချုပ်ချယ်မှုတွေခံစားနေရာကနေ ခုချိန်မှာ ပြည်တွင်းစစ်ပွဲတွေကြား အသက်အိုးအိမ် ဆုံးရှုံးမှုကို ထပ်မံခံစားနေကြရတာပဲဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from UncategorizedMore posts in Uncategorized »
Mission News Theme by Compete Themes.