Press "Enter" to skip to content

ဘာလူခါလီဒုက္ခသည်စခန်းမှာ ရေအိမ်မလုံလောက်မှုကြောင့် အခက်ခဲများနှင့် ရင်ဆိုင်နေရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလူခါးလီဒုက္ခသည်စခန်းနံပါတ် ၁၁၊ အဆောင်နံပါတ် ဘီ-၂မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ရေအိမ်အခက်ခဲတွေနဲ့ကြုံတွေ့နေရမှုကို တင်ပြနေတာဟာ ၈လတိတိရှိနေပြီဖြစ်ပေမယ့်လည်း တာဝန်ရှိသူတွေက ယခုအချိန်ထိ တစ်စုံတစ်ရာ စီစဉ်ပေးခြင်း မရှိသေးကြောင်း သိရပါတယ်။

ကံကောင်းထောက်မစွာနဲ့ အဆောင်နံပါတ် ဘီ-၂မှာနေထိုင်တဲ့ မိသားစုဝင်၁၂၀ကို ပေးထားတဲ့ ရေအိမ် ၅ခုကို သူငါအပြိုင်လုယက် သုံးစွဲနေရတယ်လို့ သိရပါတယ်။  ထိုအများပြည်သူသုံး ရေအိမ်တွေဟာ အလွန်မှ ဟောင်နွမ်းနေပြီး အသုံးပြုသူ များပြားတာကြောင့် ကျိုးပဲ့ပျက်စီးလုနီးပါး ဖြစ်နေပါတယ်။ အဆိုပါမိလ္လာတွင်းတွေကိုလည်း သန့်ရှင်းရေးမပြုလုပ်ပေးသည်မှာ ၈လရှိနေပြီပဲ ဖြစ်ပါတယ်။

နံရံနဲ့ခေါင်မိုးတွေ ပျက်စီးနေပြီး မိလ္လာတွင်းတွေလည်း ပြည့်လျှံနေတာကြောင့် လူနေပတ်ဝန်းကျင်မှာ အနံ့ဆိုးတွေဖြစ်ပေါ်နေပြီး အနီးနားပတ်ဝန်းကျင်မှာ နေထိုင်သူတွေ အခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

“ရေအိမ်သုံးစွဲလိုတဲ့ ဒုက္ခသည်တွေဟာ ၂၄နာရီလုံး တစ်လှည့်စီတန်းစီနေရပြီး ရေအိမ်တွေဟာ အလွန်တရာမှ ညစ်ပတ်နေတဲ့အပြင် အနံ့ဆိုးတွေဖြစ်နေလျက်ရှိပေမယ့်လည်း တစ်ခြားရွေးချယ်စရာမရှိတာကြောင့် ယခုအချိန်ထိသုံးစွဲနေရပါတယ်။ အဓိကအားဖြင့် အမျိုးသမီးတွေက ပိုမိုဒုက္ခရောက်နေရပါတယ်လို့” ဒုက္ခသည်စခန်းမှာနေထိုင်သူ တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ပြောပါတယ်။

“မိလ္လာအနံ့ဆိုးတွေကြောင့် အသက်ရှူဖို့တောင်အခက်ခဲဖြစ်နေပါတယ်။ မသန့်ရှင်းမှုတွေကြောင့် ကျန်းမာရေးထိခိုက်ခံစားနေရသူတွေလည်း အများပြားရှိနေပါတယ်။ တစ်ခြား အန္တရာယ်တစ်ခုကတော့ ဒုက္ခသည်စခန်းက ကလေးငယ်တွေဟာ ထိုအနီးနားပတ်ဝန်းကျင်မှာ အမြဲတမ်း ကစားလေ့ရှိတာကြောင့် မိလ္လာတွင်းထဲ ပြုတ်ကျသေဆုံးမှုတွေလည်း ရှိနေပါတယ်”လို့ သူကပြောပါတယ်။

ဘာလူခါးလီဒုက္ခသည်စခန်းနံပါတ် ၁၁၊ အဆောင်နံပါတ် ဘီ-၂မှာနေထိုင်သူတွေရဲ့ ပြောဆိုချက်အရ ယခုအခြေနေတွေကို တာဝန်ရှိသူတွေဆီ အမြဲတင်ပြပေမယ့်လည်း လျစ်လျူရှုထားပြီး ယခုအချိန်ထိ တစ်စုံတရာ ဆောင်ရွက်ပေးခြင်း လုံးဝမရှိကြောင်း ပြောပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.