Press "Enter" to skip to content

ရိုဟင်ဂျာအရေး အမြန်ဆုံး အဆုံးသတ်ဖို့ နိုင်ငံတကာအဖွဲ့အစည်းကို မလေးရှားဝန်ကြီးချုပ် ဒေါက်တာမဟာသီယာ လှုံ့ဆော်တိုက်တွန်း

မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမဟာသီယာမိုဟာမက်က ရိုဟင်ဂျာ ဒုက္ခသည်အရေးကို တရားမျှတစွာ အမြန်ဆုံး ဖြေရှင်းသွားဖို့ နိုင်ငံတကာအဖွဲ့အစည်းကို လှုံ့ဆော်တိုက်တွန်းလိုက်ပါတယ်။ ၇၄ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) အတွက် နယူးယောက်မြို့ကို ရောက်လာပြီးကတည်းက ပထမဆုံးအကြိမ်စကားပြောဆိုမှုမှာ မြန်မာအစိုးရက ဒီအရေးကိစ္စကို ဖြေရှင်းလုပ်ဆောင်သွားဖို့ ဆန္ဒလုံးဝမရှိဘူးလို့ သူကပြောကြားလိုက်ပါတယ်။

 “ဒါကြောင့်ပဲ ဒါဟာကျွန်တော်တို့အပေါ်တာဝန်ကျလာပါပြီ။ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့လည်း ဒီအခြေအနေနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဆောင်သွားဖို့ လိုအပ်လာပါပြီ” လို့ဒေါက်တာမဟာသီယာက ကုလသမဂ္ဂဌာနချုပ်မှာ ဆွေးနွေးသွားတဲ့ “ရိုဟင်ဂျာအရေး -ရှေ့ဆက်နည်းလမ်း” အမြင့်ဆုံးအဆင့် စည်းဝေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုပဲဖြစ်ပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုတွေနဲ့ တစ်ခြားဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားခဲ့တယ်။” လို့သူကပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာ ထွက်ပြေးမှု ရလဒ်အနေနဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင် ဒုက္ခသည်စခန်းတွေမှာ အစုလိုက်အပြုံလိုက်သောင်တင်မှုဖြစ်ပေါ်လာခဲ့ပြီး  ရိုဟင်ဂျာဒုက္ခသည် ၁.၂သန်းကျော်ကို လက်ခံထားပေးခဲ့တာအတွက် ဘင်္ဂလားဒေ့ရှ်ကို ချီးကျူးကြောင်းနဲ့ မလေးရှားအနေနဲ့လည်း တတ်နိုင်သမျှလုပ်ဆောင်ပေးဖို့ ကြိုးစားခဲ့တယ်လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

မလေးရှားအနေနဲ့ လူသားချင်းစာနာမှု ထောက်ပံ့ရေးတွေ လုပ်ဆောင်ပေးနေသလို ကော့ဘဇားခရိုင်မှာ ဆေးရုံတစ်ခု လည်ပတ်လုပ်ဆောင်ပေးနေပါတယ်။  “ဒါဟာဘင်္ဂလားဒေ့ရှ်က လုပ်ပေးတာနဲ့နှိုင်းယှဉ်ရင် အရေအတွက်အနည်းငယ်မျှပဲရှိပါတယ်။ ကျွန်တော်တို့ လုပ်နိုင်စွမ်းဘောင်ထဲကနေ ရိုဟင်ဂျာတွေကို ဆက်လက် ကူညီပေးသွားမှာပါ” လို့သူကကတိပြုခဲ့ပါတယ်။

တစ်ခြားနိုင်ငံတွေကို တိုက်တွန်းတဲ့ အမှာစကားထဲမှာ ဒေါက်တာမဟာသီယာက “ရိုဟင်ဂျာတွေကိုယ်စား ဒီဆိုးရွားတဲ့ ကပ်ဆိုက်မှုတွေကို အဆုံးသတ်အောင်ဖြေရှင်သွားဖို့ တစ်ခြားသူတွေကိုကျွန်တော်တို့နဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ပူးပေါင်းသွားဖို့ မျှော်လင့်ပါတယ်။ ဒီအရေးကိုကျွန်တော်တို့အဆုံးသတ်ဖို့လိုအပ်ပါတယ်။ အခုချက်ချင်းလုပ်ဖို့လိုအပ်ပါတယ်။” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။

ဒီဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေကြာကြာနေနေရလေလေ သူတို့ရဲ့အခြေအနေဟာ မျှော်လင့်ချက်မဲ့မှုတွေ ပိုမိုဖြစ်လာလိမ့်မယ်လို့ ၀န်ကြီးချုပ်ကဆိုပါတယ်။ “ဒီလိုသာဆို ဒုက္ခသည်တွေဟာ တစ်ခြားကိုယ်ကျိုးရှာသူတွေကြောင့် အကာအကွယ်မဲ့ဖြစ်လာပါလိမ့်မယ်။ သူတို့တွေဟာ လူကုန်ကူးခံရမှုတွေ လိင်ကျေးကျွန်ပြုခံရမှုတွေစတဲ့ နယ်စပ်ဖြတ်ကျော်မှုပစ်မှတ်တွေဖြစ်လာနိုင်ပါတယ်။ တစ်ခြားတစ်နည်း ပြောရရင် သူတို့ရဲ့အနာဂတ်တွေ မျှော်လင့်ချက်မဲ့သွားပါလိမ့်မယ်”လို့ မလေးဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။

မြန်မာအနေနဲ့ ဒီအရေးကိုလျော့ပါးအောင်လုပ်ဆောင်သင့်ပြီး ဒီလိုလုပ်ခြင်းအားဖြင့် ပြန်လည်ပို့ဆောင်လက်ခံရေးလုပ်ငန်းစဉ်ဟာ အဓိကဦးစားပေးဖြစ်သင့်တယ်လို့ ဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေနေရပ်ပြန်ဖို့ မြန်မာရဲ့နှစ်ကြိမ်တိုင်အားထုတ်မှုတွေ မအောင်မြင်ခဲ့တာကို ၀န်ကြီးချုပ်က “ဒါအတွက်အကြောင်းပြချက်တွေက သိသာနေပါတယ်။ သူတို့ရဲ့လုံခြုံရေးအာမခံချက်မရှိပဲ ဘယ်သူမှ ပြန်မှာမဟုတ်ပါဘူး။ ဒီအပေါ်မှာမလေးရှားအနေနဲ့ ပြန်လည်ပို့ဆောင်လက်ခံရေးကို ဂုဏ်သိက္ခာရှိစွာနဲ့ လုံခြုံဘေးကင်းစွာရှိစေဖို့ ဆက်လက်တောင်းဆိုသွားမှာဖြစ်ပါတယ်” လို့ မဟာသီယာက ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အပြည့်အ၀ အာမခံချက်ပေးခြင်းအားဖြင့် လုပ်ဆောင်နိုင်တယ်လို့ သူကပြောကြားခဲ့ပါတယ်။ လုံခြုံရေးကောင်စီရဲ့အရေးယူမှုမရှိရင် တစ်ခြားသူတွေက ဒီအရေးကိုဖြေရှင်းပြီး ကျူးလွန်သူတွေကိုတရားမျှတမှုအတိုင်းဖြစ်စေဖို့ သူတို့အပိုင်းတွေကနေလုပ်ဆောင်သွားရမယ်လို့ သူကဆိုပါတယ်။

Source: Myanmar Muslim Media, thestar

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.