Press "Enter" to skip to content

မောင်တောဒေသက စစ်ကောင်စီတပ်မိသားစုဝင်တွေကို အရေးပေါ်ရွှေ့ပြောင်းနေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း နယ်ခြားစောင့်ရဲ မိသားစုဝင်တွေကို အရေးပေါ် နေရာပြောင်းရွှေ့နေတယ်လို့ ဒေသခံမျက်မြင်တွေက Rvision ကို မတ်လ ၂၉ ရက်နေ့က ပြောပါတယ်။

မောင်တောမြို့အဝင် နယ်ခြားစောင့်ရဲတပ်ရင်း နခခ (၅)၊ လေးမိုင် နခခ (၄) နဲ့ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေမှာရှိတဲ့ မိသားစုဝင်တွေကို ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းကနေ မတ်လ ၂၇ ရက်နေ့ကစလို့ စစ်ရေယာဉ်တွေနဲ့ ပြောင်းရွှေ့နေတာလို့ မောင်တောမြို့က မျက်မြင်ဒေသခံတစ်ဦးက Rvison ကို ပြောပါတယ်။

“အဲဒီတပ်မိသားစုတွေကို မောင်တော ကညင်ချောင်းကနေ ကမ်းထိုးယာဥ်နဲ့ တင်တယ်။ အရေအတွက်ကိုတော့ မသိရဘူး။ ကားတွေနဲ့ ဆင်းတယ်။ လမ်းကြောင်းတစ်လျှောက်နဲ့ မြို့ထဲမှာလည်း လုံခြုံရေးအပြည့်ချထားတယ်။ ကားတစ်စီးမှာ လူအရေအတွက် သုံးဆယ်လောက်စီပါတယ်။ ငုတ်တုတ်ထိုင်ပြီး တာပေါ်လင်စတွေ အုပ်ပြီးတော့”

စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုတွေကို စစ်ရေယာဥ်ပေါ်တင်ပြီး အဲဒီရေယာဥ်ပေါ်ပါလာတဲ့ ရိက္ခာတွေကို ကားနဲ့ ဘူးသီးတောင်သို့ သယ်ယူလာစဥ် မောင်တော ၆ မိုင်တံတားအနီး မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနယ်ခြားစောင့်ရဲ မိသားစုဝင်တစ်ဦးကလည်း စစ်ကောင်စီဘက်က လုံခြုံရေးအရ မိသားစုဝင်တွေကို အရေးပေါ်ပြောင်းရွှေ့နေတာကို ထပ်မံအတည်ပြု ပြောဆိုပါတယ်။

လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေဟာ မောင်တောမြို့အနီးကို တဖြည်းဖြည်းကပ်လာနေတာကြောင့် မြို့ခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ မတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ မောင်တောမြို့နယ်မြောက်ပိုင်းက ကြိမ်ချောင်းမှာရှိတဲ့ အမှတ် (၁) နယ်ခြားစောင့်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ဖို့ အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အယ်ဒီတာ့အာဘော်More posts in အယ်ဒီတာ့အာဘော် »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.