Press "Enter" to skip to content

ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ သဘောတူ

မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံကြရတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မူလနေရပ်ကို လုံခြုံစိတ်ချစွာ ပြန်နိုင်ရေး အဆင်ပြေစေဖို့ တကယ်ကြီးမားတဲ့ ကြိုးစားလုပ်ဆောင်မှုတွေ လိုအပ်နေကြောင်းကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ သဘောတူခဲ့ကြကြောင်း ပြီးခဲ့တဲ့စနေနေ့က ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံကို သွားရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ယခုလုပ်ဆောင်ရမယ့် အချက်တွေထဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲ လူမှုစီးပွားရေး အခြေနေတွေနဲ့ လုံခြုံရေး ကောင်းမွန်တိုးတက်ဖို့ပါ ပါဝင်သင့်တယ်လို့ သူမနဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ နှစ်ဦးနှစ်ဘက် သဘောတူခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်တဲ့ ဒုက္ခသည်တွေကို လူသားချင်း စာနာမှု အကူညီတွေ အိန္ဒိယအစိုးရက ထပ်မံပေးအပ်သွားမှာ ဖြစ်ကြောင်းလည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာနိုင်ငံက လူမျိုးတုန်း သတ်ဖြတ်မှုရှောင် ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်ဦးရေ (၇) သိန်းလောက် ခိုလှုံနေကြတာဖြစ်ပြီး ဒါဟာ ဆယ်စုနှစ်တွေအတွင်း အာရှတိုက်ရဲ့ အကြီးမားဆုံး ဒုက္ခသည်ပြဿနာ ဖြစ်လာခဲ့တာပါ။

အာရ်ကာန်ဒေသခံ တိုင်းရင်းသား ရိုဟင်ဂျာတွေဟာ မိမိတို့ ရသင့်ရထိုက်တဲ့ နိုင်ငံသားအခွင့်ရေးအပြင် အခြေခံ လူ့အခွင့်ရေးတွေ အားလုံးဆုံးရှုံးခဲ့ရပြီး မြန်မာစစ်တပ်ရဲ့ နည်းစနစ်ကျကျ လူမျိုးတုန်းသုတ်သင်မှုတွေကို ခံစားခဲ့ကြရတာဖြစ်ပါတယ်။ မြန်မာစစ်တပ်က လူမျိုးတုန်းစစ်ဆင်ရေးပြုလုပ်ခဲ့ချိန်မှာ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေ၊ အရှင်လတ်လတ် မီးရှို့ ခံခဲ့ရသူတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် မြန်မာအစိုးရက ဒီနေ့ထိတိုင် တရားမျှတမှုကို ဖော်ဆောင်ပေးခြင်း မရှိသေးပါဘူး။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာတွေဟာ မူလနေရပ်ပြန်လာဖို့အတွက် မိမိတို့ရသင့်ရထိုက်တဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ အခြေခံလူ့အခွင့်ရေးတွေကို တောင်းဆိုထားပေမယ့် မြန်မာဘက်က လက်ခံပေးခြင်းမရှိသေးတာကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်လာဖို့ကို စိုးရိမ်ကြောက်ရွံ့နေကြတာပဲ ဖြစ်ပါတယ်။

Source: AP News, Washingtonpost

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.