Press "Enter" to skip to content

စစ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံးကြောင့် ရိုဟင်ဂျာ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာအုပ်စု ဒုံးပြင်ရွာမှာ မတ်လ ၂၇ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီတပ်သားနှစ်ဦးက လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရိုဟင်ဂျာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်အနီးမှာ သွားလာနေတဲ့ ရိုဟင်ဂျာတွေကို အဲဒီ စစ်ကောင်စီတပ်သားနှစ်ဦးက ရိုက်နှက်ပြီးနောက် ရွာသားတွေဝိုင်းလာတာကြောင့် လက်ပစ်ဗုံးတစ်လုံးပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးကပြောပါတယ်။

“လွှတ်တော်မှာ စစ်သားတွေရှိတယ်။ အဲဒီအထဲ နှစ်ယောက်က လမ်းမှာသွားလာနေတဲ့ ရွာသားတွေကို ခေါ်ပြီးရိုက်တယ်။ အဲဒီမှာ ဗလီကလူတွေလည်း ဆင်းလာတာနဲ့ဆိုတော့ ဘာဖြစ်တာလဲဆိုပြီး လူတွေဝိုင်းအုံကြတာပေါ့။ အဲဒီမှာ စစ်သားတစ်ယောက်က လက်ပစ်ဗုံးနဲ့ပစ်တာ။ နှစ်ယောက် သေတယ်။ သုံးယောက် ဒဏ်ရာရသွားတယ်”

လက်ရှိမှာတော့ ဒဏ်ရာရတဲ့သူတွေ ဆေးကုသမှုခံယူနေပြီး ရွာသားတွေကတော့ စိုးရိမ်ကြောက်လန့်နေကြတယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို သတင်း ဌာနာ က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ သူအနေနဲ့ ဒီကိစ္စတွေကို မသိရှိကြောင်းပြောပါတယ်။

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ် လူမှုစာမျက်နှာတွေမှာတော့ ဒုံးပြင်ရွာကဖြစ်စဉ်ဟာ သူတို့လက်ချက် မဟုတ်ဘဲ AA အဖွဲ့ရဲ့ လက်ချက်သာဖြစ်တယ်လို့ ရေးသားဖြန့်ဝေနေကြပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေ၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့ ရိုဟင်ဂျာ ၈၉ ဦးနဲ့ ဒဏ်ရာရသူ ၁၂၇ ဦး အထိရှိသွားပြီဖြစ်ပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.