Press "Enter" to skip to content

မောင်တောမှာ ရိုဟင်ဂျာလူငယ်တွေ ဖမ်းဆီးခံနေရကြောင်း ဒေသခံတွေပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မတ်လ ၁၈ ရက်မနေ့ကပြီး ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတာကြောင့် မြို့ခံတချို့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

မတ်လ ၁၉ ရက် ဒီနေ့မနက်အစော တစ်နာရီခွဲခန့်ကလည်း မြို့မကညင်တန်း‌၊ မောင်နီရွာ၊ လက်သာရွာနဲ့ ရပ်ကွက် (၂) စတဲ့ရွာတွေကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို ဘယ်နေရာ ခေါ်ဆောင်သွားသလဲဆိုတာကိုတော့ အတိအကျမသိရဘူးလို့ အမည်မဖော်လိုတဲ့ မြို့ခံ ရိုဟင်ဂျာ အမျိုးသားတစ်ဦးက Rvision ကိုပြောပါတယ်။

“ကညင်တန်းက အယောက်နှစ်ဆယ်ခန့် ဖမ်းတာရှိတယ်။ ပြီးတော့ မောင်နီရွာက ဆယ်ယောက်ကျော် ဖမ်းထားပါတယ်။ စစ်တပ်က အဓမ္မ ဖမ်းထားတာပါ။ တခြားရွာကလူတွေကတော့ တိမ်းရှောင်နေကြတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာကို မပြောဘူး”

စစ်ကောင်စီတပ်သားတွေဟာ မနက်အစော တစ်နာရီလောက်မှာ ရွာတွေထဲ ဝင်ရောက်လာပြီး အိမ်ထောင်စုစာရင်းတွေကို စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက်ပိုင်း နောက်ထပ် နာရီဝက်လောက်မှာ ရွာတွေထဲ ပြန်လည်ဝင်ရောက်လာပြီး အခုလိုဖမ်းဆီးသွားတာလို့ ဒေသခံ ရိုဟင်ဂျာ အမျိုးသားက Rvision ကို ဆက်ပြောပါတယ်။

“ပထမတစ်ခေါက် ဖမ်းပြီးတော့ သူတို့က ဘယ်ကိုခေါ်သွားတယ်ဆိုတာကို ကျွန်တော်တို့မသိရဘူး။ ကားပေါ် တင်ပြီးတော့ ယူသွားတယ်။ နောက်တစ်ခေါက်လာတဲ့အချိန်မှာ ကညင်တန်းကနေပတ်ပြီးတော့ မောင်နီရွာကို ဝင်တယ်။ မောင်နီရွာက တစ်ဆယ်နီးပါးဖမ်းထားတယ်။ တချို့က သတင်းရလို့ ထွက်ပြေးသွားကြတယ်”

အခုလိုဖမ်းဆီးမှုတွေကြောင့် မြို့ပေါ်မှာ စျေးရောင်းနေကြတဲ့ ရိုဟင်ဂျာတွေပါစိုးရိမ်ပြီး ဆိုင်ခန်းတွေပိတ်ကာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

နောက်ထပ် မြို့ခံတစ်ဦးကလည်း မောင်တောမြို့ အနီးဝန်းကျင်မှာရှိတဲ့ရွာတွေက ရိုဟင်ဂျာတွေ ဖမ်းဆီးခံရတာ မှန်ပေမယ့် ဘာကြောင့်ဖမ်းတယ်ဆိုတာ အတိအကျမသိရဘူးလို့ Rvision ကိုပြောပါတယ်။

“ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ အတိအကျမသိရဘူး။ စစ်မှုထမ်းဖို့အတွက်ထင်တယ်။ ကညင်တန်းတစ်ရွာတည်းကတော့ မဟုတ်ဘူး။ တခြားရွာတွေကလည်း ပါတယ်”

ရိုဟင်ဂျာ လူငယ်တချို့ ဖမ်းဆီးခံရတယ်ဆိုတဲ့အပေါ် Rvision အနေနဲ့ သီးခြားအတည်မပြုနိုင်သလို အရေအတွက် အတိအကျကိုလည်း မသိရသေးပါဘူး။

Rohingya Vision News

More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.