Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ရိုဟင်ဂျာတို့ရဲ့ နေ့စဉ်ရှင်သန်မှု အခက်ခဲတွေကြား အနာဂတ်ပျောက်ဆုံးနေ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက မလေးရှားနိုင်ငံကို ပို့ဆောင်ပေးမယ်လို့ လူကုန်ကူးသူတွေရဲ့ သွေးဆောင်ဖြားယောင်းမှုကို ခံခဲ့ကြရပြီး တစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး Takaငွေ ၄၅၀၀၀နှုန်း ပေးဆောင်ခဲ့ကြရတဲ့ လူကုန်ကူးခံရသူ စုစုပေါင်း (၅၄)ယောက်ထဲမှာ အသက် ၁၉နှစ်အရွယ်ရှိတဲ့ မိုဟမ္မဒ်အာမင်းလည်း ပါဝင်ခဲ့ပါတယ်။

လူကုန်ကူးသူတွေရဲ့ လိမ်ညာပြောဆိုမှုကြောင့် စက်လှေပေါ်မှာ နှစ်ညနဲ့သုံးရက် ရှိနေခဲ့ပြီး မလေးရှားနိုင်ငံကို အလုပ်လုပ်ကိုင်ရန် သွားနေကြတယ်လို့ ယုံကြည်နေကြပေမယ့် သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကျွန်းတစ်ကျွန်းမှာ သောင်တင်နေခဲ့တာပဲ ဖြစ်ပါတယ်။

ထိုစက်လှေပေါ်မှာ လိုက်ပါလာခဲ့သူ အမျိုးသား ၃၂ဦးနဲ့ အမျိုးသမီး ၂၂ဦးတို့ဟာ သူတို့ ယာယီ ခိုလှုံနေထိုင်တဲ့ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည် စခန်းကို ပြန်လည်ရောက်ရှိနိုင်ဖို့ လူကုန်ကူးသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး Takaငွေ ၅၀၀နှုန်း ထပ်မံပေးခဲ့ကြရပါတယ်။ ဒီလိုအဖြစ်အပျက်တွေဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းမှာခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေရဲ့ နေ့စဉ်ရှင်သန်နေထိုင်မှုအခက်ခဲတွေနဲ့ ငွေကြေးခက်ခဲမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျွန်တော့အနာဂတ် ပျောက်ဆုံးနေပါတယ်။ ကျွန်တော်က အကျဉ်းသား တစ်ယောက်လို နေထိုင်ရပြီး အလှူရှင်တွေကို မှီခိုနေရတယ်။ ကျွန်တော့မှာ အလုပ်မရှိသလို ဘာပိုင်ဆိုင်မှုမှလည်းမရှိဘူး။ မလေးရှားနိုင်ငံကို သွားရောက်ပြီး ကျွန်တော် သာမာန်လူသား တစ်ယောက်လို အသက်ရှင် နေထိုင်ချင်ခဲ့ပေမယ့် ကျွန်တော် လူကုန်ကူးသူတွေရဲ့ လိမ်ညာမှုကို ခံလိုက်ရပါတယ်”လို့ လူကုန်ကူးခံရသူ မိုဟာမ္မဒ်အာမင်းက ပြောဆိုခဲ့ပါတယ်။

ဒုက္ခသည်စခန်းမှာနေထိုင်သူ ရိုဟင်ဂျာအမျိုးသမီး မနူရ်ဇာဟားန်ကလည်း သူမရဲ့ခင်ပွန်းကို မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့တာကြောင့် လက်ရှိမှာ သမီးငါးယောက်နဲ့ အနာဂတ်ပျောက်နေပြီး သူမသမီးတွေရဲ့ နောင်ရေးအတွက် ပူပင်သောက ရောက်နေကြောင်း ပြောပါတယ်။ အလားတူပဲ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ အနာဂတ်ပျောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း မြောက်များစွာ ကျန်ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းမှာခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေဟာ မိမိတို့ မူလနေရပ်ဖြစ်တဲ့ မြန်မာနိုင်ငံကို ပြန်ချင်ပေမယ့်လည်း မြန်မာအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ် မပြုတဲ့အပြင် မြန်မာစစ်တပ်ရဲ့ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုတွေကို ထပ်မံတစ်ကြိမ် ခံရမှာကို ကြောက်ရွံနေကြပါတယ်။

ရိုဟင်ဂျာတွေကို ကမ္ဘာ့ညှင်ပမ်းနှိပ်စက်မှုကို ခံရဆုံးသောသူတွေလို့ UNကဖော်ပြခဲ့ပါတယ်။ ၂၀၁၂ခုနှစ် လူမျိုးတုန်း စစ်ဆင်ရေးတွေပြုလုပ်ချိန်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်စလင်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာတွေကို “ခိုးဝင်ဘင်္ဂါလီ”တွေလို့ စွပ်စွဲပြောဆိုကာ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို အကြောင်းပြပြီး ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်ရေးကို ဆက်လက်ငြင်းဆို ပိတ်ပင်နေတုန်းပဲ ဖြစ်ပါတယ်။

SOURCE: ANADOLU AGENCY

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.