မလေးရှားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ကမ်းခြေတစ်ခုရဲ့ အနီးနားမှာ ပြောင်းရွှေ့ခိုလှုံသူ ရိုဟင်ဂျာ အများပြားကို တွေ့ရှိခဲ့ပြီးနောက် ပင်လယ်ထဲမှာ စက်လှေတွေနဲ့ ရိုဟင်ဂျာ ၂၀၀ ကျော်ကျန်ရှိနေသေးတယ်လို့ ယုံကြည်တာကြောင့် ထိုသူတို့တွေကို မလေးရှား အာဏာပိုင်တွေက လိုက်လံ ရှာဖွေမှုတွေ ပြုလုပ်နေကြပါတယ်။
မြောက်များစွာသော ရိုဟင်ဂျာတွေဟာ ရေလမ်းခရီးကနေတစ်ဆင့် စက်လှေတွေနဲ့ မလေးရှားကို ရောက်ရှိနိုင်ဖို့ ကြိုးစားနေတာကြောင့် ၂၀၁၅ခုနှစ် လူကုန်ကူးမှု နှိမ်နင်းပြီးတဲ့နောက် တာဝန်ရှိသူ အာဏာပိုင်တွေက ရိုဟင်ဂျာတွေကို လူကုန်ကူးမှုတွေ တစ်ဖန် များပြားလာမှာကို စိုးရိမ်နေကြပါတယ်။
အသက် ၁၄ နှစ်ကနေ ၃၀ ကြား ရိုဟင်ဂျာအမျိုးသားနဲ့ ယောင်္ကျားလေးဦးရေ စုစုပေါင်း ၄၁ယောက် တနင်္လာနေ့က စွန်ဂိုင်းဘလာတီကမ်းခြေကို ရောက်ရှိခဲ့တာဖြစ်ပြီး Simpang Empat မြို့အနီးမှာ ထိန်းသိမ်းခဲ့တာလို့ ပြည်နယ် ရဲချုပ် Noor Mushar Mohamad က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လမှာလည်း Perlis ပြည်နယ်ထဲက Sungai Belati ကမ်းခြေမှာ နိုင်ငံပြောင်း အခြေချဖို့ ရောက်ရှိခဲ့သူ ရိုဟင်ဂျာ ၃၅ ယောက်ကို တွေ့ရှိခဲ့ပါတယ်။
ရိုဟင်ဂျာ ၂၀၀ လောက်ကို တင်ဆောင်ထားတဲ့ စက်လှေတွေ ပင်လယ်ထဲမှာ ကျန်ရှိနေသေးတယ်လို့ ယုံကြည်ရကြောင်း ရဲချုပ်က ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တကယ်လို့ သူတို့တွေကို ကျွန်တော်တို့ရဲ့ ရေပိုင်နက်မှာ ရှာတွေ့ရင် သူတို့ကို ကမ်းစပ်ဆီ ခေါ်ဆောင်လာမယ်လို့ပြောဆိုပြီး ဒီကနေ့တွေ့ရှိတဲ့ ရိုဟင်ဂျာတွေက ဘင်္ဂလားဒေ့ရှ် (သို့) မြန်မာ က လာနေတာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာကနေ ပင်လယ်မှတစ်ဆင့် ထွက်ပြေးခဲ့ကြရပြီး ၂၀၁၅ခုနှစ်မှာ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြရာမှာ လူဦးရေ နှစ်သောင်းခွဲခန့် ထိုင်းနိုင်ငံ၊ မလေးရှားနဲ့ အင်ဒိုနီးရှားကို ရောက်ရှိခဲ့ကြပေမယ့် ပင်လယ်ထဲမှာ နှစ်မြှုပ်သေဆုံးခဲ့သူတွေလည်း များစွာရှိခဲ့ပါတယ်။
ပါလစ်ကိုရောက်ရှိခဲ့တဲ့ စက်လှေမှာ လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၄၇ဦးက ထိုင်းလူကုန်ကူးသူကို တစ်ဦးချင်းစီအတွက် မလေးငွေ ၄၀၀၀ရင်းဂစ်ပေးဆောင်ခဲ့ရကြောင်း ပြောပါတယ်။လူဦးရေ ၂၀၀ခန့်ပါဝင်တဲ့ ရိုဟင်ဂျာအဖွဲ့ဟာ သင်္ဘောကြီးနဲ့ ထွက်လာကြပြီး ထိုင်းနိုင်ငံ ရေပိုင်နက်ထဲရောက်မှ စက်လှေငယ်တွေပေါ် ပြောင်းခဲ့တာဖြစ်ကြောင်း ရဲချုပ် Noor Mushar ကပြောပါတယ်။
ပြောင်းရွှေ့ခိုလှုံသူ ရိုဟင်ဂျာ ၄၇ဦးကို ကမ်းစပ်နဲ့ တစ်ကီလိုမီတာအကွာခန့်မှာ ချထာပေးခဲ့တာဖြစ်ကြောင်းနဲ့ သူတို့တွေဟာ တစ်နာရီခန့် ရွှံ့တွေထဲကနေ လမ်းလျှောက်လာခဲ့ကြရာ ၄၁ဦး ထိန်းသိမ်းခံထားရပြီး ၆ဦးက ပျောက်ဆုံးနေကြောင်း ရဲချုပ် Noor Musharက ပြောဆိုလိုက်ပါတယ်။
သူတို့တွေကို ကြိုမယ့်သူမရှိတာကြောင့် လူစုခွဲပြီး နီးစပ်ရာကျေးရွာတွေကို ရွှံ့ထူထပ်ရာကနေ သွားခဲ့ကြပေမယ့် သူတို့ရဲ့ တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံတွေကလွှဲပြီး ကျန်းမာရေးကောင်းမွန်စွာ ရှိနေကြောင်းလည်း ပြောဆိုလိုက်ပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုကို ဆယ်စုနှစ်မက ခံစားနေကြရတဲ့ ဖိနှိပ်ခံ ရိုဟင်ဂျာတွေဟာ မိမိတို့မွေးဖွားရာအရပ်ဒေသကို စွန့်ခွာပြီး နီးစပ်ရာနိုင်ငံတွေကို ထွက်ပြေးခိုလှုံ နေကြရတာပဲ ဖြစ်ပါတယ်။ လူသားချင်းစာနာမှုကင်းမဲ့တဲ့ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံတွင်းက ထွက်သွားအောင် ယခုချိန်ထိ သတ်ဖြတ်မှုတွေ ဆက်လက် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
Source: Free Malaysia Today
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။