ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လမုတပင်ကျေးရွာတွင် အစိုးရရေတပ်ရဲ့ပစ်ခတ်မှုကြောင့် အဖိုးအိုတစ်ဦးထိခိုက်ဒဏ်ရာရပြီး ကျောက်တော်ဆေးရုံသို့အရေးပေါ်ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။
ဗမာစစ်အစိုးရဘက်ကတော့ AA ဘက်မှတိုက်ခိုက်လို့ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ပြောပါတယ်၊ ဒေသခံတွေကတော့ ကုလားတန်မြစ်ကိုဆန်တက်လာတဲ့ အစိုးရရေတပ်ဟာ ကျေးရွာဝန်းကျင်ရွာတွေကို လက်နက်ကြီး၊ငယ်နဲ့ ဆက်တိုက်ပစ်ခတ်တာဖြစ်ပြီး နေ့လယ်ပိုင်းကစပြီးပစ်တာနာရီဝက်ကျော်ကြာကာ ရွာသားတွေကိုသာအဓိကထားပစ်ခတ်နေကြောင်း၊ ရွာသား ၂၀၀ ကျော်ဟာ ကျေးရွာဘုန်းကြီးကျောင်းများသို့ထွက်ပြေးခိုလှုံနေကြကြောင်း ပြောပါတယ်။
ပစ်ခတ်ခံခဲ့ရတဲ့ ကျောက်ဖြူကျေးရွာတွင် နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း၊ အချို့နေအိမ်ခေါင်းမိုးတွေလည်းပျက်စီးသွားကြောင်း ၄င်းပစ်ခတ်မှုမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလို့ပစ်ခတ်တာမဟုတ်ပဲ စစ်အစိုးရဘက်ကတစ်ဖတ်သတ်ပစ်ခတ်နေတာဖြစ်ကြောင်းဒေသခံတစ်ဦးကပြောပါတယ်။
ပန်းမြောင်းရဲ့ အရှေ့ဘက်ခြမ်း ကျောင်းတောင်မြောက်ဘက်ခြမ်းမှာတော့ တိုက်ပွဲဖြစ်နေတာ၃ ရက်လောက်ရှိပြီး ကျန်တဲ့ နေရာကတော့ အဲဒီလောက်ထိ မပြင်းထန်ကြောင်း၊ ပုဏ္ဏာကျွန်းမြို့နယ်မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း၊ ကျောင်းတောင်ရွာရဲ့မြောက်ဘက်မှာရှိတဲ့ ပွိုင့် ၁၂၂ တောင်ကုန်းကို ဗမာစစ် တပ်ဘက်ကနေ ထိုးစစ်ဆင်ပြီး လက်နက်ကြီးပစ်ကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၂၇ ရက်နေ့ မှာ ရဟတ်ယာဉ် နှစ်စီးပေါ်ကနေ ရော့ကက်တွေ စက်သေနတ်တွေနဲ့ ဗမာစစ်တပ်ဘက်ကပစ်ခတ်ခဲ့ကာ တိုက်ပွဲတွေပြင်းထန်ခဲ့ကြောင်း AA ဘက်ကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း AA စခန်းတွေကို မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် အခု ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေ ပြင်းထန်လာဖို့ရှိတယ်လို့ သိရပါတယ်။
ထို့အပြင် အစိုးရနဲ့အပစ်ရပ်လတ်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ဗမာစစ်တပ်တို့ နမ္မတူမြို့နယ်တွင်တိုက်ပွဲထပ်ဖြစ်ပြီး ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေကာ ပြည်တွင်းစစ် သက်တမ်း ၇၂နှစ် ပြည့်တော့မှာဖြစ်ပါတယ်၊
စစ်ပွဲတွေရပ်တန့်ဖို့ဆိုတာကလည်း အပြောသာရှိပြီးလက်တွေ့မှာတော့ခန့်မှန်းရ ခက်နေကာ တိုင်းရင်းသားရိုဟင်ဂျာတွေနဲ့အခြားတိုင်းရင်းသားများမှာလည်း စစ်အစိုးရကျူးလွန်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်ခြင်းရာဇဝတ်မှုအောက်တွင် နေရပ်များကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒုက္ခသည်ဘဝကိုရောက်ရှိလို့နေရပါတယ်။