Press "Enter" to skip to content

လူ့အခွင့်ရေးအဖွဲ့တွေက ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်လက်ခံရေးကို ဆိုင်းငံ့ရန်တိုက်တွန်း

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မူလနေရပ်ပြန်ပို့မယ့် အစီအစဉ်ကို ဘေးအန္တရာယ်ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ၊ ကိုယ့်သဘော ဆန္ဒအတိုင်း ပြန်နိုင်မယ့် အချိန်အထိ ဆိုင်းငံ့ထားဖို့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက တောင်းဆို လိုက်ကြပါတယ်။

ရိုဟင်ဂျာတွေကို ပထမတကြိမ် နေရပ်ပြန်ပို့ရေးအစီအစဉ် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်၊ ထပ်မံ ကြိုးပမ်းတဲ့ အနေနဲ့ ကြာသပတေးနေ့ကစပြီး ဒုက္ခသည်တချို့ကို နေရပ်ပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေက မိမိတို့ရင်ဆိုင်ထွက်ပြေးခဲ့ရတဲ့ အကြမ်းဖက်မှုနဲ့ လူမျိုးတုန်းစစ်ဆင်ရေးတွေ ထပ်မံ ရင်ဆိုင်ရမှာဖြစ်ကြောင်း ဆန္ဒထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဌာနေတိုင်းရင်းသားဖြစ်တဲ့ ရိုဟင်ဂျာလူမျိုးစုကို မြန်မာအစိုးရက နိုင်ငံသားအဖြစ် အသိမှတ်မပြုသေးသရွေ့၊ အခြေခံလူ့အခွင့်ရေးတွေမပေးသေးသရွေ့၊ မီးရှို့ဖျက်စီးခံခဲ့ရတဲ့ အိုးအိမ်စည်းစိမ်တွေအတွက် ဖြေရှင်းပေးမှုတစ်စုံတစ်ရာမရှိသေးသရွေ့၊ သတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် အရေးယူဆောင်ရွက်မပေးသေးသရွေ့၊ မတရားဖမ်းဆီး ထောင်ချခံထားရတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုကို မဖော်ဆောင်ပေးသရွေ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ ဆန္ဒမရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေထိုင်တဲ့ ဒုက္ခသည်တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ ပြောပါတယ်။

မြန်မာအာဏာပိုင်တွေဆီကို ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက တင်ပြထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၂၂,၀၀၀ ထဲက ပထမ အသုတ်အဖြစ် ၃၄၅၄ယောက်ကို လက်ခံဖို့ ရည်ရွယ်ထားပြီး၊ ဒုက္ခသည်တွေရဲ့ မူလဌာနေပြန်မယ့် သဘောထားကို သိနိုင်ဖို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) နဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ မေးမြန်းစုံစမ်းမှုတွေ စတင်ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံက စနစ်တကျဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကိုလည်း ဖြေရှင်းထားတာ မရှိသေးတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံကို စိတ်ချလက်ချ ပြန်နိုင်မယ့် အခြေအနေ မရှိသေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Human Rights Watch ရဲ့ တောင်အာရှရေးရာ ဒါရိုက်တာMeenakshi Ganguly က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာတွေရဲ့တောင်းဆိုမှုကို သဘောတူလက်ခံထားခြင်းမရှိပေမယ့် ဒုက္ခသည်တွေကို ပြန်လည်စိစစ်လက်ခံဖို့ ကုလသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ သီးခြားစီ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးထားသလို၊ ပြန်လည်လက်ခံဖို့ အသင့်ရှိနေကြောင်းလည်း ပြောဆိုထားပါတယ်။

Source: HRW, VOA

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.