ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ (၄၁)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် မဟာမင်းကြီး Kate Gilmore က မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ လူ့အခွင့်ရေးချိုးဖောက်ခံနေရမှုအခြေနေတွေကို စောင့်ကြည့်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ကူညီဆောင်ရွက်ဖို့ UNHCR ၊ UNDP တို့နဲ့ မြန်မာအစိုးရကြား MoU နားလည်မှုစာချွန်လွှာ သက်တမ်းကို ၂၀၁၉ မေလ ၂၈ ရက်နေ့က ထပ်မံ တိုးမြှင့်ဖို့ သဘောတူလိုက်ပေမဲ့လည်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် လုံလောက်တဲ့ အခြေအနေတွေ လုံးဝမရှိသေးတဲ့အပြင် MoU အရ အကောင်အထည်ဖေါ်ဆောင်ရွက်နေတဲ့ အစီအစဉ်တွေဟာလည်း တင်းကျပ်စွာ ကန့်သတ်ခံထားရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ယခင်က ရိုဟင်ဂျာ လူဦးရေ ခန့်မှန်းခြေ တသန်းလောက်ရှိခဲ့တဲ့အထဲက ၂၄၀,၀၀၀ ပတ်ဝန်းကျင်လောက်ဟာ အဲဒီမှာ ဆက်လက်ကျန်ရှိနေပြီး OHCHR လူ့အခွင့်အရေး မဟာမင်းကြီးရုံးနဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေကို သွားရောက်ခွင့် ပိတ်ပင်ထားတာကြောင့် သူတို့ရဲ့ အခြေအနေတွေကို စုံစမ်းကြည့်ရှုဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့လည်းလက်ထောက် မဟာမင်းကြီးက ပြောပါတယ်။
ဒါပေမယ်လို့ မြန်မာလုံခြုံရေးတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ကြောင်း ဖေါ်ပြထားတဲ့ သတင်းအချက်အလက်တွေအပါအ၀င် အခြား မူရင်းနေရာအများအပြားကနေ အတည်ပြုထားတဲ့ အချက်အလက်တွေကို ကျမတို့ ဆက်ပြီးရရှိနေပါတယ်လို့ ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ပြီး ဘင်္ဂါလီအဖြစ် ပြောင်းလဲသတ်မှတ်ဖို့ NVCကဒ်တွေကို ပေးအပ်နေပြီး ထိုကဒ်ကို ပေးအပ်ရာမှာ မြန်မာနိုင်ငံမှာ မွေးဖွားသူဖြစ်သော်ငြားလည်း နိုင်ငံခြားမှ ဝင်ရောက်နေထိုင်သူအဖြစ်သာ သတ်မှတ်ပြီး မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ နေ့စွဲကို ဖော်ပြဖို့လိုအပ်ကြောင်း ပြောဆိုထားပါတယ်။
ဒါအပြင် အခြေအနေတွေ ပိုပြီးဆိုးရွားလာနေတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေသာမက ရခိုင်တိုင်းရင်းသားတွေရဲ့ လုံခြုံရေးအန္တရာယ် စိုးရိမ်နေရကြောင်း လက်ထောက်မဟာမင်းကြီးက ပြောပါတယ်။ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေပေးဖို့ ပိတ်ပင်ခံထားရတဲ့ အခြေအနေကိုလည်း လက်ထောက်မဟာမင်းကြီး ထောက်ပြ ကန့်ကွက်ခဲ့ပါတယ်။
ဒါအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်အောင် အရေးယူလုပ်ဆောင်ဖို့ လည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်လှတဲ့ ရာဇ၀တ်ကျူးလွန်မှုတွေနဲ့ အခု ရခိုင်တိုင်းရင်းသားတွေအပေါ် ကျူးလွန်မှုတွေကို အဆုံးသတ်စေဖို့ မြန်မာအစိုးရအနေနဲ့ ထင်သာမြင်သာရှိတဲ့ အများယုံကြည်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဥပဒေနဲ့အညီ လုပ်ဆောင် အရေးယူအပြစ်ပေးဖို့ Kate Gilmore က လူ့အခွင့်အရေးကောင်စီညီလာခံမှာ ပြောကြားခဲ့ပါတယ်။
Source: reliefweb
Photo: The Guardian
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။