Press "Enter" to skip to content

အမေရိကန် ဘာသာရေးလွတ်လပ်ခွင့်ညီလာခံ ရိုဟင်ဂျာကိုယ်စားလှယ်တွေကို တက်ရောက်ဖို့ ဖိတ်ကြား

ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေးဖိနှိပ်မှုတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တဲ့ ညီလာခံတစ်ခု ရှေ့သီတင်းပတ်အတွင်း ၀ါရှင်တန် ဒီစီမြို့မှာ ကျင်းပမှာဖြစ်ပြီး မကြာသေးခင်က San Diego မြို့က ဂျူးဘုရားမှာ ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှု၊ နယူးဇီလန်နိုင်ငံ ဗလီကျောင်း ပစ်ခတ်မှုနဲ့ သီရိလင်္ကာမှာ Easter Sundayနေ့ တိုက်ခိုက်ခံခဲ့ရမှုတွေအတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ဖို့ ဖိတ်ကြားထားကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

အခု ကျင်းပမယ့် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ညီလာခံကို မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကြောင့် ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ်တွေ အပါအ၀င် နိုင်ငံပေါင်း မြောက်များစွာက ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်ကြောင်း အမေရိကန် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Sam Brownback က ပြောပါတယ်။

ထိုညီလာခံကို တက်ရောက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ သဘောထားချင်း တိုက်ဆိုင်တဲ့ နိုင်ငံတွေကိုသာ ဖိတ်ကြားထားတာကြောင့် မြန်မာအစိုးရ ကိုယ်စားလှယ်တွေ ပါမှာ မဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံကိုတော့ သဘောထားတိုက်ဆိုင်တဲ့ နိုင်ငံအဖြစ် သတ်မှတ်မထားကြောင်း  သံအမတ်ကြီး Brownback က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံ ရှင်းဂျန်းပြည်နယ်က မွတ်ဆလင် လူနည်းစုတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း သမ္မတ Donald Trump အစိုးရက မီးမောင်းထိုးပြနေပြီး အဲဒီ အခွင့်အရေးချိုးဖောက်မှုမှာ ပါဝင်သူတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့ ကုမ္ပဏီတွေကို အရေးယူမယ့် ပိတ်ဆို့မှုတွေလည်း ချမှတ်ထားပြီး ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းစစ်ဆင်ရေုးပြုလုပ်ချိန် ရိုဟင်ဂျာမွတ်စလင် ၇သိန်းကျော် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရပြီး မြန်မာ့စစ်ခေါင်းဆောင်ကတော့ ရိုဟင်ဂျာတွေကို စနစ်ကျကျသတ်ဖြတ် နှိမ်နင်းခဲ့မှုကို ငြင်းဆိုခဲ့ပြီး လက်နက်ကိုင်တွေကို နှိမ်နင်းခဲ့တာဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။

Source: straitstimes

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.