Press "Enter" to skip to content

ရိုဟင်ဂျာအရေးကိစ္စ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) စုံစမ်းစစ်ဆေးရေး စတင်ဆောင်ရွက်မည်

မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးခိုလှုံကြရတဲ့ ရိုဟင်ဂျာတွေရဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်တော့မယ်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရှေ့နေတွေက ကြေညာလိုက်ပါတယ်။

အပြစ်မဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာအစိုးရက ဆက်လက်ဖိနှိပ်ရက်စက်နေတဲ့ကိစ္စကို ကနေဒါအစိုးရက ICC- နိုင်ငံတကာ ရာဇဝတ်ခုံရုံးရှေ့မှောက် ကနဦး တရားစွဲဆို အရေးယူဖို့ အထက်လွှတ်တော်အမတ်တစ်ချို့က တိုက်တွန်းလိုက်ပါတယ်။

ထိုတိုက်တွန်းမှုဟာ ပြီးခဲ့တဲ့ ၂၅ရက်နေ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဆီ ပေးပို့လိုက်တဲ့ စာမှာ ဖော်ပြခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်  Justin Trudeau ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Bob Rae တင်ပြတဲ့ ၂ဝ၁၈ အစီရင်ခံစာကို  လွှတ်တော်အမတ်တွေနဲ့ အရပ်ဖက်အဖွဲ့စည်းတွေက ကိုးကားတင်ပြထားတာ ဖြစ်ပါတယ်။

လူသားချင်းစာနာမှုကင်းမဲ့စွာ ကျူးလွန်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်သူတွေဟာ ဒါတွေကို တာဝန်ယူ၊ တာဝန်ခံရမယ်ဆိုတာ ကနေဒါနိုင်ငံခြားရေး မူဝါဒရဲ့ အခြေခံဝါဒဖြစ်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ယခုပြုလုပ်မယ့် စုံစမ်းစစ်ဆေးမှုဟာ ၂ဝ၁၈ ခုနှစ် ပဏာမစုံစမ်းမေးမြန်းမှု စတင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရဲ့ နောက်ထပ်ခြေလှမ်းတခုဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ICC ရှေ့နေတစ်ဦးဖြစ်တဲ့ Fatou Bensouda က တောင်းဆိုခဲ့တာပါ။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Radika Coomaraswamy ရာဒီကာ ကွမ်းမရာဆွာမိ က ရိုဟင်ဂျာတွေကို မြန်မာအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ ကာလရှည်ကြာ နေထိုင်ခဲ့တဲ့ သမိုင်းကြောင်းရှိကြောင်းကို ပြောကြားခဲ့ပြီး မိမိအနေနဲ့ ရက်စက်မှုများစွာကို ကြုံတွေ့ခဲ့ရဖူးပေမယ့်လည်း အခုလို အပြစ်မဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မုဒိမ်းကျင့်တာတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ထွက်ပြေးအောင်နှိပ်စက် မောင်းထုတ်တာတွေ ပြုလုပ်နေတာကို ကြားရတဲ့အခါ တကယ်တုန်လှုပ်ရကြောင်း ကွမ်းမရာဆွာမိက ပြောကြားခဲ့ပါတယ်။ 

လက်တလောမှာပဲ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်နိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက သူတို့နိုင်ငံက လွှတ်တော်အစည်းအဝေးမှာ Awami အဖွဲ့ချုပ်ပါတီရဲ့မေးခွန်းကို ဖြေဆိုချိန်မှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.