Press "Enter" to skip to content

ရိုဟင်ဂျာအရေးကိစ္စ မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း ကုလကို ဘင်္ဂလားဒေ့ရှ်တင်ပြ

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်နေရာ ချထားရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Shahriar Alam က ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ကို တင်ပြခဲ့ကြောင်း the daily star သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဖခင်ကြီး Bangabandhu Sheikh Mujibur Rahman နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကို နယူးယောက်မှာ ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံစဉ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာအရေးကိစ္စရဲ့ လက်ရှိအခြေနေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ရိုဟင်ဂျာတွေကို မူလဌာနေမှာ နေရာပြန်လည်ချထားပေးရေး ကြန့်ကြာနေတာကြောင့် အထူးစိုးရိမ်နေကြောင်း ကုလသမဂ္ဂရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးက ဇွန်လ ၁၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒုက္ခသည် စခန်းတွေမှာ ရိုဟင်ဂျာ ၁.၂ သန်းကျော် ခိုလှုံနေထိုင်ပြီး အများစုဟာ ၂၀၁၇ခုနှစ် သြဂုတ်လမှာ မြန်မာနိုင်ငံတွင်း လူနည်းစု မွတ်စလင်တွေကို အဓိက ပစ်မှတ်ထားပြီး မြန်မာစစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ နယ်မြေရှင်းလင်းမှု ပြုလုပ်ချိန် ဘင်္ဂလားဒေ့ရှ်ကို အသက်လု ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် စတင်ဖို့ စီစဉ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၅ ရက်နေ့ကို အချိန်ပြောင်းခဲ့ပေမယ့် မြန်မာအစိုးရဘက်က ထိုနေရပ်ပြန်ရေးကိစ္စကို ယနေ့ချိန်ထိ ဆောင်ရွက်တာ မတွေ့ရှိရပါဘူး။

ရိုဟင်ဂျာအရေးကိစ္စကို မြန်မာဘက်က တာဝန်ယူမှု၊တာဝန်ခံမှုရှိစေဖို့အတွက် ICC နိုင်ငံတကာ ရာဇဝတ်တရားရုံး တင်သွင်းရေး အတွက် တဆင့်တိုးလုပ်ဖို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို တင်ပြခဲ့ပါတယ်။

Source: thedailystar

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.