Press "Enter" to skip to content

လူနည်းစုရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှုကင်းမဲ့သည့် အခြေအနေများကို OICရှုတ်ချ

မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ရင်ဆိုင်နေကြရတဲ့ အာရ်ကာန်ဒေသတွင်းက အပြစ်မဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ကြုံတွေ့နေကြရတဲ့ လူသားချင်းစာနာမှုကင်းမဲ့စွာ ဖိနှိပ်ချုပ်ချယ် ရက်စက် ကြမ်းကြုတ်မှုတွေကို အစ္စလာမ်မစ်နိုင်ငံများအဖွဲ့အစည်း(OIC)ခေါင်းဆောင်တွေက ရှုတ်ချခဲ့ကြပြီး အင်အားနည်း ရိုဟင်ဂျာလူနည်းစုအပေါ် အကြမ်းဖက် ရက်စက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာအရေးနဲ့ပတ်သက်တဲ့ OIC ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ကြေငြာချက်ထဲမှာ မြန်မာနိုင်ငံ အစိုးရအနေနဲ့ လူနည်းစု ရိုဟင်ဂျာတွေကို ဖိနှိပ်မှုကင်းမဲ့စွာ  နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ပေးအပ်ဖို့နဲ့ နိုင်ငံသားဖြစ်တဲ့ ရိုဟင်ဂျာလူနည်းစုရဲ့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူသွားဖို့အပြင် ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်ရဲ့ မတရားညှင်းပမ်း နှိပ်စက်နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်း ပြောဆိုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လူသားချင်းစာနာမှုကင်းမဲ့စွာ သတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာတွေနဲ့တကွ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေ အားလုံးကို မြန်မာအစိုးရအနေနဲ့ လက်တွေ့ကျပြီး ခိုင်မာတဲ့ခြေလှမ်းတွေနဲ့ နိုင်ငံသားအခွင့်အရေး ပြန်လည်ပေးအပ်ပြီး သူတို့ရဲ့ မူလဒေသက နေအိမ်တွေဆီကို ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ခွင့်ပြုဖို့  မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအပါအ၀င် မြန်မာနိုင်ငံက ရိုဟင်ဂျာ လူနည်းစုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးတွေ လုပ်ဆောင်သွားဖို့နဲ့ အကြမ်းဖက်မှု ကျူးလွန်သူတွေကို အရေးယူသွားဖို့ OIC ခေါင်းဆောင်တွေက တောင်းဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတကာ ခုံရုံးမှာ စွဲချက်တင်သွားဖို့ တာဝန်ခံကော်မတီကို တောင်းဆိုခဲ့တဲ့အပြင် မြန်မာနိုင်ငံက ထွက်ပြေးခဲ့ကြရတဲ့ အပြစ်မဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရကို ထောက်ခံ အားပေးသွားဖို့လည်း OIC ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ပါတယ်။

SOURCE: KUNA , MYANMAR MUSLIM MEDIA
PHOTO CREDIT: AFP

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.