မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီထောက်ပံ့ရန်အတွက် UAE နိုင်ငံတစ်ဝှမ်းမှာ အလှူငွေကောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုကို သောကြာနေ့က စတင်ပြုလုပ်ခဲ့ရာ တစ်ရက်အတွင်းမှာပဲ UAEနိုင်ငံသုံး Dirham ငွေ ၃၃ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။
ယူအေအီး လခြမ်းနီ(Emirates Red Crescent)အဖွဲ့က စတင်လှုပ်ရှားခဲ့တဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပဏာမ ခြေလှမ်းဟာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ရိုဟင်ဂျာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်အတွက် အစားအသောက်၊ ဆေးဝါးထောက်ပံ့မှု၊ သောက်ရေသန့်၊ ပညာရေးနဲ့ အိမ်ယာတို့အတွက် ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။
နိုင်ငံတကာစစ်တမ်းအရ ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာ အများစုက အမျိုးသမီးများနဲ့ ကလေးတွေဖြစ်ကြပြီး ရိုဟင်ဂျာ ကလေးငယ်ပေါင်း ၆သိန်းကျော်ခန့်က ကျန်းမာရေးဝန်ဆောင်မှု၊ ပညာသင်ကြားနိုင်မှု၊ အစားအသောက်နဲ့ သောက်သုံးရေ မရရှိမှုတွေကို ရင်ဆိုင်နေကြရပြီး အမျိုးသမီးပေါင်း ၂သိန်းကျော်ကတော့ သန့်စင်တဲ့ သောက်သုံးရေနဲ့ လုံလောက်တဲ့ အစားသောက်ကို မရရှိပဲ ဖြစ်နေကြပါတယ်။
ဒီလှုပ်ရှားမှုဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီထောက်ပံ့ ပေးဖို့ဖြစ်ပြီး လူမှုအဖွဲ့စည်းပေါင်း ၂၀ကျော်က ပူးပေါင်းပါဝင်ခဲ့ပါတယ်။လှုပ်ရှားမှုစတင်တဲ့ ပထမနေ့မှာပဲ UAEနိုင်ငံသုံး Dirham ငွေ (၃၃)သန်းကျော် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
လူသားချင်းစာနာ ထောက်ထားမှုအတွက် လှုပ်ရှားသူတွေက ဒုက္ခသည်တွေရဲ့ အဓိက လိုအပ်ချက်တွေကို ကြည့်ပြီး ထောက်ပံ့ရေးပစ္စည်းတွေကို ရိုဟင်ဂျာ ဒုက္ခသည် အများစုနေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်ကို ယူအေအီး လခြမ်းနီ(Emirates Red Crescent)အဖွဲ့ရဲ့ ရေယာဉ်နဲ့ ပို့ဆောင်မှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
Source: gulfnews
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။