Press "Enter" to skip to content

မင်းပြားမှာ ရွာထဲ လေကြောင်းဗုံးကြဲခံရမှုကြောင့် ရိုဟင်ဂျာ သေဆုံးနဲ့ ဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒါ ရိုဟင်ဂျာရွာထဲကို မတ်လ ၁၈ ရက် ဒီနေ့ မနက်တစ်နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၆၀ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်လို့ ရွာသားတွေက Rvision ကိုပြောပါတယ်။

ရွာသားတွေအိပ်နေချိန် ရွာအလယ်တည့်တည့်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးတစ်လုံးကြဲချသွားတာကြောင့် အခုလို အစုလိုက် အပြုံလိုက်သေဆုံး၊ ဒဏ်ရာရကြတာလို့ သာဒါရွာက အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက Rvision ကို ပြောပါတယ်။

“ညတစ်နာရီခွဲ အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာပါ။ ပွဲချင်းပြီးသေသွားတာက ၂၃ ယောက်ပါ။ သေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေထဲမှာ စစ်ဘေးရှောင်တွေလည်းပါပါတယ်။ စစ်ဘေးရှောင်သေတာက ၆၀ ယောက်ပါ။ မိသားစု တစ်စုမှာ ခုနစ်ယောက် ပါသွားတယ်။ ကျန်တာက ဟိုအိမ်ကတစ်ယောက်၊ ဒီအိမ်က နှစ်ယောက် အဲဒီလိုဖြစ်ပါတယ်။ အခု တစ်ရွာလုံးက ထိုင်ပြီးငိုနေကြပါတယ်။ ထမင်းမစား၊ ဟင်းမစားနဲ့ ဒီလို ဖြစ်နေကြပါတယ်”

သာဒါရွာဟာ မင်းပြားမြို့ရဲ့မြောက်ဘက် သုံးမိုင်အကွာမှာ တည်ရှိတာဖြစ်ပြီး အိမ်ခြေသုံးရာကျော်နဲ့ လူဦးရေ နှစ်ထောင်ကျော်ရှိပါတယ်။ အဲဒီရွာမှာ မင်းပြားမြို့ ဆင်ကြီးပြင်ရွာကနေ စစ်ဘေးရှောင်နေကြတဲ့ ရိုဟင်ဂျာတွေလည်းရှိပြီး အဲဒီအထဲက ၆၀ ဦး သေဆုံးသွားခဲ့သလို နေအိမ်ဆယ်လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။

သာဒါရွာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ မင်းပြားမြို့ခံကို ခိုင်မိုးကလည်း ရွာထဲမှာ စုပြုံထားတဲ့ ရုပ်အလောင်းတွေ၊ ခြေပြတ်၊ လက်ပြတ်ဒဏ်ရာရသူတွေနဲ့ ငိုကြွေးနေတဲ့မိသားစုဝင်တွေကို တွေ့ခဲ့ရတယ်လို့ Rvision ကို ပြောပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.