အာရ်ကာန်ဒေသဟာ ၁၈ ရာစုနောက်ပိုင်း ကစပြီး ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများ ကြိုးကြားကြိုးကြား ဖြစ်ပွားတတ်တဲ့ ဒေသတစ်ခု ဖြစ်လို့နေပါတယ်။ အဲ့လို ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုများက ရိုဟင်ဂျာများကို ရံဖန်ရံခါ ဒုက္ခသည်ဘဝ ရောက်စေခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်၊ ၁၉၄၂ ခုနှစ်၊ ၁၉၇၈ ခုနှစ်၊ ၁၉၉၁-၉၂ ခုနှစ်၊ ၂၀၁၂ ခုနှစ် နှင့် ၂၀၁၆-၁၇ ခုနှစ်များတွင် အစုလိုက်အပြုံလိုက် နေရပ်စွန့် ထွက်ပြေးရမှုများ ကြီးကြီးမားမား ဖြစ်ပွားခဲ့ပါတယ်။ ထို့အပြင် သာမန်နှစ်တွေမှာလည်း နှစ်စဉ်နှစ်တိုင်း ခန့်မှန်းခြေလူပေါင်း တစ်သောင်းစီ ထွက်ပြေးခဲ့မယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ခန့်မှန်းခြေအရ သိရပါတယ်။
ရိုဟင်ဂျာ သမိုင်းကို လေ့လာရာတွင် လူအများစုက ကိုလိုနီခေတ်နှောင်းသမိုင်းအပေါ်နဲ့ ၁၉၇၈ ခုနှစ်ကစပြီး ဖြစ်ပွားလာခဲ့သော အစုလိုက်အပြုံလိုက် နေရပ်စွန့် ထွက်ပြေးရမှုတွေအပေါ်ပဲ အာရုံစူးစိုက်တတ်ပါတယ်။ ဒါဟာ တကယ်တော့ မြန်မာအစိုးရရဲ့ စွပ်စွဲချက်ဖြစ်တဲ့ “တရားမဝင် ခိုးဝင်လာရောက်နေထိုင်သူများ” ဆိုတဲ့ လိမ်ညာမှုကို နားလည်နိုင်ဖို့ မလုံလောက်စေပါဘူး။ ဒုက္ခသည်များကို မိမိဌာနေရင်းသို့ ပြန်ပို့ရေး မြန်မာနဲ့ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံရဲ့ သဘောတူစာချုပ်တွေကို ၁၉၇၈ ခုနှစ်၊ ၁၉၉၂ ခုနှစ်နဲ့ မကြားသေးခင်က အစုံလိုက်အပြုံလိုက် ထွက်ပြေးရမှုတွေအတွက်ပဲ တရားဝင် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် ၁၈ ရာစုနောက်ပိုင်း (၁၇၈၄)၊ ၁၉ ရာစု အစောပိုင်းနဲ့ ၂၀ ရာစု အလယ်ပိုင်း (၁၉၄၂) တွင် ထွက်ပြေးသွားခဲ့သူများဟာ မြန်မာနိုင်ငံကို ဘယ်တော့မှ ပြန်လာခဲ့ခြင်း၊ ပြန်လည်ပို့ပေးခြင်းများ မရှိခဲ့ပါဘူး။ ၎င်းတို့ဟာ ဘင်္ဂလားဒေရှ့် နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင် ဧရိယာအတွင်း အခြေချနေထိုင်သွားခဲ့ပြီး ဒေသခံတွေနဲ့ ရောနှောသွားခဲ့ပါတယ်။
ရိုဟင်ဂျာတွေဟာ မြောက်ဦးခေတ် ရိုဟင်းမြေရဲ့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာ၊ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေး၏ အစိတ်အပိုင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံမဲ့ဘဝ သာမက အိုးမဲ့အိမ်မဲ့ဘဝ အထိပါ ရောက်စေခဲ့တာဟာ ရိုဟင်ဂျာတွေရဲ့ လူမျိုးစုနဲ့ ကိုးကွယ်တဲ့ဘာသာတရားကြောင့်သာ ဖြစ်ပါတယ်။
ထို့အပြင် မြန်မာအစိုးရက ရိုဟင်ဂျာများကို ကိုလိုနီခေတ်မှာ မတရားခိုးဝင်လာတဲ့လူတွေလို့ တံဆိပ်ကပ်လိုက်ပါတယ်။ သူတို့ကို အဲ့လို တံဆိပ်ကပ်သမုတ်လိုက်တဲ့ အကြောင်းရင်းဟာ ၁၇၈၄ ခုနှစ် အာရာကာန် နန်းတော်ကျဆုံးခဲ့ချိန်မှစပြီး၂၀၁၈ ခုနှစ်ထိ နှစ်များထဲတွင် ရိုဟင်ဂျာတွေက အခွင့်အရေး နည်းနည်းပါးပါး ခံစားပိုင်ခွင့်ရရှိသော ခေတ်မှာ တနည်းအားဖြင့် ကိုလိုနီခေတ်သာ ဖြစ်ပါတယ်လို့ ပြောရမယ်။ သို့သော် ဗြီတိသျှ ကိုလိုနီ ဆုတ်ကွာသွားချိန်တွင် အနစ်နာဆုံးလူမျိုးစုမှာလည်း ရိုဟင်ဂျာများသာဖြစ်သည်။
အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရမှု သံသရာရဲ့ သမိုင်းက အာရ်ကာန်က ရိုဟင်ဂျာတွေရဲ့ ရာစုနှစ်ပေါင်းများစွာ ဒုက္ခခံစားခဲ့ရမှုတွေကိုသာ ဖော်ထုတ်ပေးနေတာသာ မဟုတ်ဘဲ ၎င်းတို့ဟာ အာရ်ကာန်မြေရဲ့ မူလဘူတ ဌာနေတိုင်းရင်းသား ဆိုတာကိုပါ ဖော်ထုတ်ပေးနေလျက်ရှိပါတယ်။ ဒါကြောင့် ၎င်းရိုဟင်ဂျာတွေဟာ သူတို့ရဲ့နယ်မြေကို သိမ်းပိုက်ပြီး ဖြစ်လာတဲ့ အခုခေတ် မြန်မာပြည်နဲ့လည်း ခိုင်မာတဲ့ ဆက်စပ်မှု တည်ရှိနေတာကို အဆိုပါ သမိုင်းက သက်သေခံလျက်ရှိပါတယ်။
၁၇၈၄ ခုနှစ်၊ အာရ်ကာန်နိုင်ငံတော် ကျရှုံးသွားမှု
၁၇၈၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဘိုးတော်ဝိုင်း ဦးဆောင်တဲ့ ဗမာတွေက အာရ်ကာန်ကို အပြည့်အဝ ကျူးကျော်သိမ်းပိုက်လိုက်ခဲ့တဲ့အခါ ရိုဟင်ဂျာ သုံးသောင်းခန့်ဟာ Bengal တောင်ဖက်ခြမ်းကို ပထမအသုတ်အဖြစ် ထွက်ပြေး ခိုလှုံခဲ့ရပါတယ်။ ဗမာတွေရဲ့ လက်အောက်သို့ အာရ်ကာန်ပြည် ကျရောက်သွားခဲ့ပြီးတဲ့ နောက်ပိုင်းမှာလည်း ရိုဟင်ဂျာများအပေါ် ရန်လိုမုန်းထားမှုများ တစ်နေ့ထက်တစ်နေ့ များပြားကျယ်ပြန့်လာခဲ့သဖြင့် ရိုဟင်ဂျာတွေရဲ့ Bengal တောင်ဖက်ခြမ်းသို့ ထွက်ပြေးသွားခဲ့ရမှုတွေလည်း ပို၍ တိုးပွားလာခဲ့ပြီး၊ ၁၇၉၀ ခုနှစ်ရဲ့ အစောပိုင်းနှစ်များတွင် သိန်းနဲ့ချီ ရေထွက်လိုက်ခဲ့ရပါတယ်။
၁၇၉၀ ခုနှစ်တွင် အရှေ့အိန္ဒိယ ကုမ္ပဏီက ဟီရမ်ကော့စ် ဆိုတဲ့ပုဂ္ဂိုလ်ကို Bangal တောင်ဖက်ခြမ်းမှာ အဲ့ဒီဒုက္ခသည်တွေရဲ့ နေရေးထိုင်ရေးများ စီစဉ်ပေးရန်အတွက် ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။ ဟီရမ်ကော့စ်က ၎င်းတို့ကို အဲ့ဒီဒေသမှာ ပြည်လည်နေရာချပေးခဲ့ပါတယ်။ ကော့စ်ဘဇား အနီးတဝိုက် ပတ်ဝန်းကျင်မှာ မူလအခြေချနေထိုင်သူများရဲ့ အများစုမှာ အာရ်ကာန်မှ ရောက်ရှိလာပြီး ဒုက္ခသည်အဖြစ် အခြေချခဲ့သူများသာ ဖြစ်ပါတယ်။ ဟီရမ်ကော့စ်က အဲ့ဒီဒေသကို မြို့အဖြစ်တည်ထောင်ခဲ့ပြီးတဲ့နောက် တည်ထောင်သူဖြစ်တဲ့ သူ့နာမည်နဲ့တွဲပြီး ကောစ့်ဘဇား အဖြစ် အမည်မှည့်ပေးခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်က ဗမာတွေ အာရ်ကာန်ကို ကျူးကျော်တိုက်ခိုက်လာခဲ့မှုကြောင့် Bangal တောင်ဖက်ခြမ်းကို ထွက်ပြေးလာပြီး ကော့စ်ဘဇားအနီးတစ်ဝိုက်၌ အခြေချနေထိုင်သွားခဲ့တဲ့ အဆိုပါ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကို မည်သည့်အခါမှ ပြန်လာခဲ့ခြင်းမရှိပါဘူး။
၁၉၄၂ ခုနှစ်၊ ရိုဟင်ဂျာ မွတ်စလိင်မ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
ကိုလိုနီခေတ်၊ ၁၉၄၂ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်စတင်ပြီး သခင်ဟုခေါ်တဲ့ မော့ဂ်လူမျိုးများနှင့် ဗမာ့ အမျိုးသားရေးဝါဒီများက ရိုဟင်ဂျာများအပေါ် ကြီးမားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ပါတယ်။ လူဦးရေ ထောင်သောင်းပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပြီး၊ အခြား ရှစ်သောင်းကျော်ဟာလည်း အသက်ရှင်ခွင့်ရရေးအတွက် Chittagong၊ Subrinagar၊ Rangpur၊ Dinazpur စတဲ့ ဒေသတွေကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ အဲ့ဒီ ဒုက္ခသည်တွေကိုလည်း မြန်မာနိုင်ငံကို ပြန်လည်ပို့ပေးခဲ့ခြင်း မရှိခဲ့ပါဘူး။
၁၉၇၈ ခုနှစ်၊ နဂါးမင်း စစ်ဆင်ရေး
အာဏာရှင် နေဝင်းလက်ထက် ၁၉၇၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် Akyab (ယခုအခေါ်) စစ်တွေမှ စတင်ခဲ့တဲ့ နဂါးမင်း စစ်ဆင်ရေးက ရိုဟင်ဂျာပေါင်း နှစ်သိန်းခွဲကျော်ကို အာရ်ကာန်မှ ထွက်ပြေးလာစေခဲ့ပါတယ်။ အဲ့ဒီနှစ်၊ ဩဂုတ်လ ၃၁ ရက်နဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကောက်ခံခဲ့တဲ့ စာရင်းဇယားအရ ဒုက္ခသည်ပေါင်း ၂၅၂,၀၀၀ ဦးရေ ဖြစ်ပါတယ်။ ဒါပေမယ့် စာရင်းကောက်ခံရခြင်းမရှိတဲ့ လူတွေကို ပေါင်းလိုက်ရင် ဒုက္ခသည်အရေအတွက် သုံးသိန်းတောင် ကျော်သွားနိုင်ပါတယ်။
၁၉၇၈ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် ဒုက္ခသည်များ မိမိဌာနေတိုင်းရင်းသို့ ပြန်ပို့ရေး သဘောတူညီမှု စာချုပ်ကို မြန်မာနဲ့ ဘင်္ဂလားဒေရှ့်အကြား ချုပ်ဆိုခဲ့ပါတယ်။ နောက်ပိုင်းတွင် ဒုက္ခသည် ၁၈၇၂၅၀ ဦးကို သူတို့ရဲ့ တိုင်းရင်းဒေသဖြစ်တဲ့ မြန်မာနိုင်ငံကို ပို့ပေးခဲ့ပါတယ်။
မိမိ ဆန္ဒအလျောက် မြန်မာပြည်သို့ ပြန်မသွားချင်တဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်ပို့ရန် ဖိအားပေးတဲ့အနေနဲ့ စားနပ်ရိက္ခာများ ရပ်တန့်လိုက်ခြင်း အပါအဝင် တခြား ညှဉ်းပန်းမှုများစွာကိုလည်း ဘင်္ဂလားဒေရှ့်နိုင်ငံဖက်က ကျူးလွန်ခဲ့ပါတယ်။ အကျိုးသက်ရောက်မှုအနေနဲ့ ဒုက္ခသည်ပေါင်း တစ်သောင်းကျော်ခန့်ဟာ အစာရေစာနဲ့ ဆေးဝါးပြတ်လပ်မှု၊ အာဟာရချို့တဲ့မှု စတဲ့ဒုက္ခတွေကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာများကို အမြစ်ပြတ်ဖယ်ရှားရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ အဆိုပါ နဂါးမင်းစစ်ဆင်ရေးမှာ အောင်မြင်မှုမရရှိခဲ့ဘူးလို့ ဆိုရပါလိမ့်မယ်။ အဘယ်ကြောင့်ဆိုသော် ရိုဟင်ဂျာများကို ပြည်လည်လက်ခံခဲ့ရသောကြောင့် ဖြစ်တယ်။ ဒါကြောင့် အာဏာရှင်နေဝင်း အစိုးရက ရိုဟင်ဂျာများကို ပြန်လည်ပြီးတစ်ခါ နှင်ထုတ်ရန် နောက်ထပ် အစီအစဉ်အသစ်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ၁၉၈၂ ခုနှစ်ရဲ့ “နိုင်ငံသား ဥပဒေ” ပဲဖြစ်ပါတယ်။
၁၉၉၁-၁၉၉၂ ခုနှစ်၊ န.စ.က စစ်ဆင်ရေး
ဒီစဉ်းလဲယုတ်မာသော ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအောက်၊ ၁၉၉၁-၉၂ ခုနှစ်မှာ ကြီးမားတဲ့ အစုလိုက်အပြုံလိုက် ထွက်ပြေးမှု ဖြစ်စဉ် ထပ်ပြီးတစ်ခါ ဖြစ်ပွားခဲ့ပါတယ်။ ဦးစောမောင်ရဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့ လက်ထက်တွင် ရိုဟင်ဂျာများကို ဒေသန္တရဥပဒေနဲ့ အမျိုးမျိုးခွဲခြားဖိနှိပ်ခဲ့တဲ့အပြင် ၁၉၉၂ ခုနှစ်၌ ပြုလုပ်ခဲ့တဲ့ “ပြည်သာယာစစ်ဆင်ရေး” ကြောင့်လည်း လူပေါင်း ၂၆၀,၀၀၀ ဝန်းကျင် အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရပြန်ပါတယ်။
၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ဒုက္ခသည်များ မိမိတိုင်းရင်းဌာနေသို့ ပြန်ပို့ရေး နားလည်မှု စာချွန်လွှာတစ်ခုကို မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံတို့အကြား ချုပ်ဆိုခဲ့ပြီးနောက် နှစ်အနည်းငယ်အတွင်း ဒုက္ခသည်ပေါင်း ၂၃၆,၅၉၉ ဦးကိုသာ ပြန်လည်လက်ခံခဲ့ပြီး ကျန်ဒုက္ခသည်များဟာ ဘင်္ဂလားဒေရှ့်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ယခုထိ နေထိုင်လျက်ရှိနေပါတယ်။
အဲ့ဒီတုန်းက မိမိဆန္ဒအလျောက် ပြန်မသွားချင်ခဲ့တဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေရှ့် အာဏာပိုင်များက အမျိုးမျိုး ဖိအားပေး ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခြင်း၊ ရိုက်နှက်ခြင်း၊ အစာရေစာ ကန့်သတ်ထားခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အဖွဲ့ UNHCR ကတောင် သူတို့ရဲ့လုပ်ငန်းစဉ်တွေကိုပင် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ရုပ်သိမ်းခဲ့လိုက်တယ်။
၂၀၁၂ ခုနှစ်၊ ရိုဟင်ဂျာ ဆန့်ကျင်ရေး အကြမ်းဖက်မှု
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ဦးဆောင်ဖွဲ့စည်းတဲ့ ဦးသိန်းစိန် အစိုးရလက်ထက်၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှာ ဘာသာရေး အားထုတ်သူ မွတ်စလိင်မ် (၁၀) ဦးကို ရခိုင်ပြည်နယ်၊ တောင်ဂုတ်မြို့နယ်မှာ ရခိုင်အစွန့်ရောက်သမားများစွာက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ရာမှစတင်ပြီး ရိုဟင်ဂျာ ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို အာဏာပိုင်များက စနစ်တကျ မီးမွှေးခဲ့ပါတယ်။ လူပေါင်း ၂၅၀,၀၀၀ ခန့်ကို မိမိရဲ့ အိုးအိမ်များ စွန့်ခွာစေခဲ့ရာ ထိုအထဲတွင် လူပေါင်း ၁၅၀,၀၀၀ ခန့်ဟာ နိုင်ငံတွင်း IDP ဘဝ ရောက်သွားခဲ့ရတာ ယနေ့အထိပဲ ဖြစ်ပါတယ်။
ဒီ ၂၀၁၂ ခုနှစ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုရဲ့ သားကောင်ဘဝ ရောက်ခဲ့ရသူများဖြစ်ကြတဲ့ ပြည်တွင်း ရွေ့ပြောင်းနေထိုင်နေခဲ့ရသူများကို မြန်မာအစိုးရက ယခုထိ ပြန်လည်နေရာချထားခြင်း မပေးခဲ့သလို ပြည်ပသို့ ထွက်ပြေးခိုလှုံနေခဲ့ရသူများကိုလည်း ယခုထိ ပြန်လည်ခေါ်လာခဲ့ခြင်းများ မပြုလုပ်ခဲ့ပေ။
၂၀၁၆/၂၀၁၇ ခုနှစ်၊ နယ်မြေရှင်းလင်းရေး စစ်ဆင်းရေး
နောက်ဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့နောက်ပိုင်းနဲ့ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းများတွင်လည်း အာဏာပိုင်များက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ ရိုဟင်ဂျာများအပေါ် သမိုင်းရဲ့ အကြီးမားဆုံးသော စစ်ဆင်ရေးကို ပြုလုပ်လာခဲ့ပါတယ်။ အကျိုးဆက်အဖြစ် လူပေါင်း ထောင်ချီအသတ်ခံခဲ့ရပြီး လူပေါင်း ဆယ်သိန်းကျော် (၁,၁၁၈,၅၇၆ ဦး) ဟာလည်း အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံမှာ သွားရောက်ခိုလှုံနေခဲ့ရပါတော့တယ်။ ဒါဟာ ရိုဟင်ဂျာတို့ရဲ့ သမိုင်းမှာ အကြီးမားဆုံးသော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရမှုနဲ့ အကြီးမားဆုံးသော အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရမှုပဲ ဖြစ်ပါတယ်။ ထွက်ပြေးခဲ့ကြသူများကို ပြန်လည်လက်ခံရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ချုပ်ဆိုခဲ့သော်လည်း လက်တွေ့မှာတော့ ဒုက္ခသည်များကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို ယခုထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပါ။
ရိုဟင်ဂျာအရေးကို လေ့လာခဲ့သူများရဲ့ အဆိုအရ ယခုအချိန်တွင် ၉၀ ရာခိုင်နှုန်းသော ရိုဟင်ဂျာတွေဟာ မိမိတို့ရဲ့ အိုးအိမ်များကို စွန့်ခွာကာ တိုင်းတစ်ပါးသို့ ဒုက္ခသည်အဖြစ် ရောက်ရှိသွားခဲ့ရပြီး ပြည်တွင်းမှာ ရိုဟင်ဂျာဦးရေ ငါးသိန်းထက် ပိုမရှိနိုင်ကြောင်း ပြောပါတယ်။
၁၇၈၄ ခုနှစ်နဲ့ ၁၉၄၂ ခုနှစ်များတွင် အစုလိုက်အပြုံလိုက် ထွက်ပြေးသွားခဲ့တဲ့ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံသို့ မည်သည့်အခါမှ ပြန်လည်ဝင်ရောက်လာခဲ့ခြင်း မရှိတဲ့အပြင် ၁၉၇၈ ခုနှစ်နဲ့ ၁၉၉၁-၉၂ ခုနှစ်များက အစုလိုက်အပြုံလိုက် ထွက်ပြေးသွားခဲ့တဲ့ ဒုက္ခသည်တွေကိုလည်း အပြည့်အဝ ပြန်လည်လက်ခံခဲ့ခြင်း မရှိချေ။ ဒီအအချက်အလက်များကို ကြည့်ခြင်းအားဖြင့် “တရားမဝင်ခိုးဝင်နေထိုင်သူများ” ဆိုတာ ဘယ်သူလဲ ဆိုပြီး မေးခွန်းထုတ်လိုပါတယ်။
မကြားသေးခင်က အစုလိုက်အပြုံလိုက် ထွက်ပြေးသွားခဲ့ရတဲ့ ဒုက္ခသည်များကို မိမိဌာနေရင်းသို့ ပြန်ပို့ရန် စီစဉ်နေပါတယ်။ တကယ်လို့သာ ဒီရိုဟင်ဂျာ ဒုက္ခသည်မျာယရဲ့ လူသားဖြစ်တည်မှုနဲ့ သူတို့ရဲ့ လုံးဝဥဿုံးဆုံးရှုံးခံခဲ့ရတဲ့ လူသားအခွင့်အရေးများအတွက် အာမခံချက်မရမချင်း ဒုက္ခသည်တွေကို အလျင်စလို ပြန်လည်ပို့ပေးခဲ့မယ်ဆိုရင် ဘင်္ဂလားဒေရှ့်နိုင်ငံအနေနဲ့ “မကြာခင်ပြန်တွေ့ပါအံ့” ဆိုပြီး နှုတ်ဆက်ဖို့ပဲ ရှိပါတယ်။
ဒါကြောင့် … ရိုဟင်ဂျာများရဲ့ “အစုလိုက်အပြုံလိုက် ထွက်ပြေးရခြင်း သံသရာ” ကို ဒီအကြိမ်မှာ မဖြစ်ဖြစ်အောင် အဆုံးသတ်ရမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြလိုက်ရပါတယ်။
Qutub Shah ရဲ့ “ROHINGYA: CIRCLE OF EXODUS” ဆောင်းပါးကို မြန်မာလို ဆီလျော်အောင် ယျာတင် (ရိုဟင်းသား) က ဘာသာပြန်ခြင်း ဖြစ်ပါတယ်။