ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အရှေ့တောင်ဘက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်မတော်(AA)တို့ အပြန်အလှန် ပစ်ခတ်မှုတွေကြား ရိုဟင်ဂျာနေအိမ် အမြောက်အများ မီးလောင်ကျွမ်းခဲ့ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေရှိသလို ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်ရန် အိုးအိမ်စွန့်ခွါထွက်ပြေးနေရကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။
၂၀၁၉ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့မှာ တပ်ရင်း(၅၅၁)က မြန်မာစစ်သားတွေနဲ့ ရခိုင့်တပ်မတော်တို့ အပြန်လှန် ပစ်ခတ်မှုတွေကြောင့် ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း ကြာညိုပြင်ကျေးရွာက ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ၃ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး သရက်ပြင်ကျေးရွာမှာတော့ ရိုဟင်ဂျာနေအိမ် အမြောက်အများ မီးလောင်ကျွမ်းခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးရဲ့ အမည်တွေမှာ မိုဟမ္မဒ် ဂျော်လိလ် (ဘ) နူးရ်မိုဟမ္မဒ်၊ အသက်(၃၂)နှစ်၊ ရှူဟာနားဘာနူ (ဘ) ဘော်ရှော်ရ် အသက် (၄၅)နှစ်၊ ရဘီယာဘော်ဆော်ရီ (ဘ) အမိရ်ဟကင်းမ် အသက် (၂) နှစ် တို့ ဖြစ်ကြပါတယ်။
ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိတဲ့ ကလေးငယ်တွေကိုတော့ အရေးပေါ် ဆေးကုသမှု ခံယူဖို့အတွက် ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ခဲ့ရကြောင်း သိရပါတယ်။
နိုဝင်ဘာလ (၇)ရက် နေ့လည်ခင်းမှာတော့ ဖုံညိုလိပ်ကျေးရွာမှာနေထိုင်တဲ့ ဦးရှောမ်ချူအာလောမ် အသက်(၄၀)နှစ်က သူနေထိုင်တဲ့ ကျေးရွာပြင်ဘက်နားကဆိုင်မှာ နားနေချိန် ကျည်ဆံထိမှန်သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
ကြာညိုပြင်ကျေးရွာမှာနေထိုင်တဲ့ ရိုဟင်ဂျာတွေကတော့ ဗမာစစ်တပ်နဲ့ ရခိုင့်တပ်မတော်တို့ လက်နက်ကြီး/ငယ်တွေနဲ့ အဆက်မပြတ် အပြန်အလှန် ပစ်ခတ်နေတာကြောင့် နီးစပ်ရာကျေးရွာတွေဆီကို ထွက်ပြေးခဲ့ကြရပါတယ်။
ခုလိုဖြစ်ပွါးနေတဲ့ ရခိုင် -ဗမာ တိုက်ပွဲကြားမှာ မည်သို့မျှ သက်ဆိုင်မှု မရှိတဲ့ ရိုဟင်ဂျာတွေက ကြားညှပ်ခံနေရတာကို ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်တွင်းမှာ အနည်းငယ် ကျန်ရှိနေတဲ့ လူနည်းစု ရိုဟင်ဂျာ မွတ်စလင်တွေကို မူလဒေသကနေအပြီးပိုင် နေရပ်စွန့်ခွါ ထွက်ပြေးစေလိုတဲ့ သဘောသက်ရောက်နေတာကို တွေ့ရှိရပါတယ်။
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။