မြန်မာစစ်တပ်နဲ့ ရခိုင်တပ်မတော်(AA)တို့က ရခိုင်ပြည်နယ်တွင်းမှာ အစိုးရနှစ်ရပ်အဖြစ် ကြီးစိုးနေတာကြောင့် မြန်မာစစ်တပ်ရဲ့ နှိပ်စက်ညှင်းပမ်းမှုအောက်မှာ အသက်ရှင် ကျန်ရှိနေတဲ့ ဒေသခံရိုဟင်ဂျာမွတ်စလင်တွေက ရခိုင့်တပ်မတော်ကြောင့် အခက်ခဲဒုက္ခတွေကို ရင်ဆိုင်နေကြရပါတယ်။
၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှာ ဆေးအိုးကျကျေးရွာအုပ်စုမှာ သားသတ်လိုင်စင်ရရှိထားတဲ့ လာလာယာ (နာမည်ပြောင်)က သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရရှိဖို့ ငွေကြေးအမြောက်အများပေးပြီး နွားရုံတောင်ကျေးရွာမှ ကျွဲနွားအကောင်ရေ ၂၀ ကျော်ဝယ်ယူခဲ့ပါတယ်။
လာလာယာ ဝယ်ယူခဲ့တဲ့ ကျွဲနွားတွေကို ကျေးရွာဆီသယ်ဆောင်သွားဖို့ စက်လှေပေါ် တင်နေစဉ်အတွင်းမှာပဲ ရခိုင်တပ်မတော် (AA)အဖွဲ့ဝင် ၁၀ဦးရုတ်တရက် ရောက်ရှိလာပြီး ရပ်တန့်ခိုင်းခဲ့ပါတယ်။
ရခိုင့်တပ်မတော် (AA) အဖွဲ့ဝင်တွေက လာလာယာဆီကနေ သူ့ရဲ့အထောက်အထားတွေနဲ့ လုပ်ငန်းလိုင်စင်တွေကို စုံစမ်းမေးမြန်းခဲ့ရာ အထောက်အထား စာရွက်စာတမ်းအားလုံး စုံစုံလင်လင်ပြသနိုင်ခဲ့ပေမယ့်လည်း AAတပ်ဖွဲ့ဝင် အရာရှိက “ဒီနေရာက ငါတို့ပိုင်နက်မြေ ဖြစ်သလို ငါတို့လည်း အစိုးရတစ်ရပ်ဖြစ်တယ်”လို့ ခြိမ်းခြောက်ပြောဆိုပြီး ငွေကျပ် ၁၀သိန်းအတင်းအဓမ္မ တောင်းယူခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာလ ၁ရက်နေ့မှာပဲ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ဖုံညိုလိပ်ကျေးရွာအုပ်စု ရွာရှည်ရွာ(အဒူဂေါ်နီဖာရာ)မှာ နေထိုင်တဲ့ ဟာလာယာ(ဘ)မော်ကူလူဆောင်းက ရွာရဲ့အရှေ့ဘက်ခြမ်းမှာရှိတဲ့ မိမိလယ်မြေကနေ အလုပ်သမား ၁၀ဦးနဲ့ စပါးရိတ်သိမ်းဖို့အတွက် သက်ဆိုင်ရာ နယ်မြေတပ်ရင်းကနေ ခွင့်ပြုချက်ရယူခဲ့ပါတယ်။
မိမိပိုင်လယ်ယာကနေ စပါးရိတ်သိမ်းခွင့် ရရှိဖို့ ဖုံညိုလိပ်တံတားနားမှာရှိတဲ့ စစ်တပ်က ဗိုလ်မှူးကို ငွေကျပ် တစ်သိန်းပေးခဲ့ရကြောင်း သိရပါတယ်။
ဗိုလ်မှူးကို ငွေကျပ် ၁ သိန်းပေးခဲ့ပေမယ့်လည်း AAတပ်ဖွဲ့ဝင်တွေရဲ့ ရန်ကိုကြောက်ရတာကြောင့် တောင်နဲ့ကပ်လျက်ရှိတဲ့ လယ်ယာမြေပေါ်က စပါးတွေကို မရိတ်သိမ်းဖို့ တားမြစ်ခဲ့ကြောင်းကိုလည်း သိရပါတယ်။
ထိုဖြစ်စဉ်တွေကြောင့် ဒေသခံ သက်ကြီးရွယ်အို ရိုဟင်ဂျာတစ်ဦးကတော့ “ ဒီနယ်မြေမှာ ရခိုင့်တပ်မတော် ကြီးစိုးလာခဲ့ရင် ကျွန်တော်တို့တွေကို အကာကွယ်မပေးနိုင်ရင်တောင်မှ အနည်းဆုံးတော့ ဒုက္ခရောက်အောင်မလုပ်ဘူးလို့ ယုံကြည်နေခဲ့တာ”ဖြစ်ကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ ပြောပါတယ်။
“ခုလိုပြုမူ ဆောင်ရွက်ချက်တွေအရ သူတို့တွေ အပြည့်အဝ အုပ်ချုပ်ခွင့်ရသွားတာ(သို့မဟုတ်) လွတ်လပ်ခွင့်ရရှိခဲ့ရင် ကျွန်တော်တို့တွေအပေါ် ဘယ်လို ပြုမူဆက်ဆံမယ်ဆိုတာကို အရိပ်အမြွက် ပြလိုက်သလိုပဲ”လို့ ၄င်းက ကောက်ချက်ချခဲ့ပါတယ်။
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။