ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေထဲက ဒုက္ခသည်၄၆ ယောက် ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရခိုင်ပြည်နယ် မောင်တောမြို့ကို သူတို့ သဘောဆန္ဒနဲ့သူတို့ ပြန်ဝင်လာခဲ့တာဖြစ်ကြောင်း ပြည်တွင်းသတင်း အရင်းမြစ်တွေအရသိရပါတယ်။
ပြန်ဝင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၆ဦးထဲက ၄၂ဦးကတော့ မောင်တောမြို့နယ် ငါးခူရ နယ်စပ်ဂိတ်ကနေ ပြန်ဝင်လာတာဖြစ်ပြီး ကျန်လေးဦးကတော့ တောင်ပြိုလက်ဝဲစခန်းကနေ ဒေသခံ အာဏာပိုင်တွေကို တရားဝင် အကြောင်းကြားပြီးမှ ဝင်ရောက်လာတာဖြစ်ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ယခုချိန်ထိ ကျား/မ အရေအတွက်ကို ခွဲခြားပြီး အသေးစိတ် မသိရသေးကြောင်း သူကပြောပါတယ်။ နေရပ်ပြန်လာမယ့် ရိုဟင်ဂျာတွေဟာ သက်ဆိုင်ရာအာဏာပိုင်တွေကို ပြန်ဝင်လာမယ့်လူဦးရေစာရင်းကို ကြိုတင် သတင်းပေးပို့ထားပြီးသား ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြန်လည်ဝင်ရောက်လာသူတွေ ရောက်ရှိချိန်မှာတော့ အာဏာပိုင်တွေက ပြန်လည်နေရာချထား မပေးခင်မှာ သူတို့ရဲ့ ကိုယ်ရေးအချက်လက်တွေကို စာရင်းနဲ့ကိုက်ညီမှုရှိမရှိ သေချာစိစစ်ခဲ့ပါတယ်။
လက်ရှိအချိန်ထိတော့ ဘင်္ဂလားဒေ့ရှ် မြန်မာ သဘောတူညီချက်နဲ့ မဟုတ်ပဲ မိမိတို့သဘောဆန္ဒအလျောက် စက်လှေနဲ့ဝင်ရောက်လာသူ၊ နယ်စပ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း ၃၉၇ယောက်ရှိကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရပါတယ်။
၂၀၁၇ခုနှစ်လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အနေနဲ့ ဂုဏ်သိက္ခာရှိရှိ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေး၊ နိုင်ငံသားအဖြစ် အသိမှတ်ပြုရေး၊ မူလနေရာတွေမှာ ပြန်လည်နေထိုင်ခွင့်ရရှိရေးနဲ့ လွတ်လပ်စွာသွားလာခွင့် ရရှိရေးတွေကို မြန်မာအစိုးရဆီမှာ တောင်းဆိုထားခဲ့ကြတာပဲ ဖြစ်ပါတယ်။
Source: Irrawady, RFA
Photo: theconversation
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။