ဂျပန်ဘုရင်နန်းတက်ပွဲအတွက်ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်မှာ ဂျပန်ဝန်ကြီးချုပ် (Shinzo Abe) က ရခိုင်ပြည်က တိုင်းရင်းသားရိုဟင်ဂျာတွေအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သတ်ပြီး အရေးယူမှုတွေအမြန်ဆုံး ပြုလုပ်ဖို့နဲ့ နေရပ်ပြန်နိုင်ရေးကို မဖြစ်မနေစီစဉ်ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာတွေနဲ့ အခြားတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ညှင်းပန်းသတ်ဖြတ်မှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်မှာ ဂျပန်အစိုးရအနေနဲ့ တိုက်ရိုက်တိုက်တွန်းဖို့၊ မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွား ဒါမှမဟုတ် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေအတွက် အသုံးပြုဖို့ အထောက်အကူဖြစ်စေတဲ့ ဂျပန်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ နယူးရောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတောင်းဆိုထားကြောင်း သိရပါတယ်။
HRW အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ဂျပန်နိုင်ငံဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်သစ်အဖြစ်ပြန်ပြီးအရွေးခံရပြီး လူ့အခွင့်အရေးကို အခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့အညီ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့ တိုက်တွန်းသင့်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံခြားရင်းနှီးမြှူပ်နှံမှုကိုအားပေးပြီး ကိုယ့်နိုင်ငံကတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေတာတွေ၊ အထူးသဖြင့် တိုင်းရင်းသားရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တဲ့ပြစ်မှုကျူးလွန်နေတာတွေကို ဖုံးဖိဖို့ မြန်မာအစိုးရက စစ်တပ်ကိုအားပေးနေတာဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်မှုတွေအတွက် တရားစီရင်မှုကို စစ်ခေါင်းဆောင်တွေက ရှောင်လွှဲခဲ့ရုံသာမကပဲ နိုင်ငံရဲ့စီးပွားရေးနဲ့ ဒီမိုကရေစီ တိုးတက်ရေးကိုလည်း စစ်ခေါင်းဆောင်တွေကပဲ စနစ်တကျ ဖျက်စီးခဲ့တာဖြစ်ကြောင်း၊ မြန်မာအစိုးရဘက်က တာဝန်ခံမှု၊ တာဝန်ယူမှု ရှိလာရေး ဖိအားပေးဖို့ ဂျပန်ဘက်က ပျက်ကွက်နေကြောင်းကို HRW ရဲ့ ကြေညာချက်မှာ ထောက်ပြထားတာတွေ့ရပါတယ်။
စစ်ရာဇဝတ်မှုတွေအတွက် ပြစ်မှုကျူးလွန်ခဲ့သူတွေကို အရေးယူဆောင်ရွက်ရာစစ်ဆေးရမဲ့ စစ်ခေါင်းဆောင်ထဲက ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့တဲ့ ဂျပန်ခရီးစဉ်အပေါ် HRW ကဝေဖန်ထားပါတယ်။
ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေက ဒီကနေ့ အင်္ဂါနေ့မှာကျင်းပမဲ့ ဂျပန်ဧကရာဇ်ထီးနန်းတက်ပွဲမတိုင်ခင် မြန်မာသံရုံးရှေ့မှာ ဗမာစစ်တပ်ဘက်က ဥပဒေမဲ့ပစ်ခတ်မှု ဖမ်းဆီးမှုတွေကိုရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဂျပန်ခရီးစဉ်မှာ ဆန္ဒပြမှာဖြစ်ကြောင်းသိရပါတယ်။
ဂျပန်ဝန်ကြီးချုပ် (Shinzo Abe) က မြန်မာနိုင်ငံတိုင်းရင်းသားလူနည်းစုနေထိုင်ရာဒေသတွေမှာ မြန်မာအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါကို ခန့်အပ်ထားတာမို့ ၄င်းနဲ့လက်တွဲပြီး မြန်မာပြည်ငြိမ်းချမ်းဖို့ ဂျပန်နိုင်ငံမှကူညီမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးထွန်းခင် ကတော့ ဂျပန်ဝန်ကြီးချုပ်ရဲ့ စကားတွေကို ကြိုဆိုပေမယ့် မြန်မာအစိုရနဲ့ စစ်တပ်က လက်တွေ့ဆောင်ရွက်မှာလားဆိုတာကို ၄င်းကသံသယ ဖြစ်မိကြောင်း ပြောပါတယ်။