ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် တစ်လအတွင်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် လူ ၅ ဦးပျောက်ဆုံးနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က သာယာကုန်းကျေးရွာမှာနေတဲ့ ဦးကူးဟွေး တောင်ယာသွားတာ ပြန်မရောက်လာတဲ့အတွက် ဇနီးဖြစ်သူလိုက်သွားရာမှာ လင်မယားနှစ်ဦးစလုံး ပျောက်ဆုံးခဲ့ကြောင်း၊ ဇနီးဖြစ်သူမှာ ကိုယ်ဝန်ခြောက်လကိုဆောင်ထားလျက်ရှိကြောင်း ဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။
သာယာကုန်းကျေးရွာဟာ ဗမာစစ်တပ်ရဲ့ စစ်ဗျူဟာစခန်းရှိတဲ့ ခမောက်ဝကျေးရွာမှ ၄ မိုင်ခန့်ကွာဝေးပြီး AA တပ်ဖွဲ့ရှိတဲ့ ဆတ်တလိုင်ဝကျေးရွာနဲ့ ၅ မိုင်ကွာတာမို့ ၄င်းလင်မယားပျောက်ဆုံးနေရခြင်းမှာ မည်သူ့လက်ချက်ဖြစ်ကြောင်းမသိရသေးဘူးလို့ ဒေသခံများကပြောပါတယ်။
အလားတူ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဝန်ချောင်းဝကျေးရွာမှ ရွာသား ၃ဦးဟာ ရခိုင်ပြည်နယ် ဆန်အိုးကျေးရွာသို့ စားနပ်ရိက္ခာများသွားရောက်ဝယ်ယူပြီး အပြန်စက်လှေတစ်စီးနဲ့အတူ ပျောက်ဆုံးနေကြောင်း ပျောက်ဆုံးခဲ့တဲ့ ဝန်ချောင်းဝရွာသား ၃ ဦးမှာ ဦးလှခိုင် အသက်(၂၃)နှစ်၊ မောင်မောင်ရှည် အသက်(၃၂)နှစ်၊ မောင်ပုရှည် ခေါ် မောင်ဆော အသက်(၄၀) နှစ်တို့ဖြစ်ပြီး ဘယ်သူ့လက်ချက်ကြောင့် မသိပေမဲ့ အဲ့ဒေသတဝိုက်မှာ ဗမာစစ်တပ်နဲ့ AA တပ်ဖွဲ့တို့သာ လှုပ်ရှားသွားလာတဲ့နေရာဖြစ်ကြောင်းသိရပါတယ်။