ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၀ကျော်ကို သံဆူးကြိုးခတ်ဖို့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက မှာကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး အဆာဒုဇ်ဇာမာန်ခန်းက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်နေ့မှာ မီဒီယာတွေကို ပြောကြားခဲ့ကြောင်း ပြည်ပသတင်းအရင်းမြစ်တွေအရ သိရပါတယ်။
၂၀၁၆-၂၀၁၇ခုနှစ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အသက်လု ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတစ်သန်းခန့်ဟာ ထိုဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ရိုဟင်ဂျာတွေကို မူလနေရပ်ပြန်လည်ပို့ဆောင်ဖို့ ၂၀၁၈ခုနှစ် နိုဝင်ဘာလကတစ်ကြိမ်၊ ယခုနှစ်သြဂုတ်လမှာ တစ်ကြိမ်စသဖြင့် နှစ်ကြိမ်တိတိကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့မှာ လူမျိုးတုန်းသတ်ဖြတ်ခံရမှု နှစ်ပြည့်တဲ့အနေနဲ့ ရိုဟင်ဂျာတွေစုရုံးခဲ့ကြတာကို အကြောင်းပြပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဒုက္ခသည်စခန်းတွေမှာ လုံခြုံရေးတိုးမြင့်မှု၊NGOတစ်ချို့ကို ပိတ်ပင်မှု၊ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးစွဲခြင်းကို ဖြတ်တောက်မှုတွေကို ပြုလုပ်ခဲ့ပြီး လူမနေတဲ့ကျွန်းဆီကို ရိုဟင်ဂျာတွေပို့ဆောင်ဖို့ စီစဉ်ခြင်းနဲ့ ဒုက္ခသည်တွေကို တရားဝင်လွှဲပြောင်းပေးအပ်ဖို့ စီစဉ်မှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
သံဆူးကြိုးခတ်မယ့်အစီစဉ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေအကြားမှာ စိတ်ပူပင်မှုတွေကို ပိုမိုဖြစ်စေပြီး စိတ်ပျက်စရာလည်းဖြစ်လာခဲ့ပါတယ်။ “ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာတွေရဲ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ဒါပေမယ့် ဒုက္ခသည်စခန်းကို သံဆူးကြိုးခတ်မယ့် အစီစဉ်ဟာ ကျွန်တော်တို့တွေကို စော်ကားသလို သက်ရောက်နေပြီး ရိုဟင်ဂျာတွေ အပြစ်ကျူးလွန်နေသလို ခံစားချက်မျိုးကို သွတ်သွင်းပေးနေရာရောက်တယ်”လို့ ကုတုပါလောင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်သူ အသက် ၅၂နှစ် အရွယ်ရှိတဲ့ ဦးအဗ်ဒုရဟီးမ်က UCAသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ရဟီးမ်က ၂၀၁၇ခုနှစ်မှာ သူ့မိသားစုဝင်၁၂ယောက်နဲ့အတူ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံရန်ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေမှာ လုံခြုံရေးတိုးမြှင့်မယ်ဆိုရင် ကျွန်တော်တို့ကြိုဆိုလက်ခံပါတယ်။ ဒါပေမယ့် သံဆူးကြိုးခတ်ခြင်းဟာ ဒုက္ခသည်တွေရဲ့ လွှတ်လပ်စွာသွားလာမှုကို ထိန်းချုပ်လိုက်တာပဲ ဖြစ်တယ်လို့ သူကပြောပါတယ်။
“လုံလောက်မှုမရှိတဲ့ အထောက်အပံ့တွေနဲ့ ကြိုးစားပြီး အသက်ရှင်နေရတာကြောင့် ဒုက္ခသည်စခန်းမှာ နေထိုင်ရတဲ့ဘဝဟာ ခက်ခဲပါတယ်။ အဲ့တာကြောင့် ဒုက္ခသည်တွေဟာ အလုပ်ကြမ်းတွေနဲ့ တံငါသည်အဖြစ် လုပ်ကိုင်ပြီး ဝမ်းစာအတွက် ဝင်ငွေတစ်ချို့ကို ရှာဖွေဖို့ ကြိုးစားကြပေမယ့် ဒါတွေ နောက်ထပ်ဖြစ်နိုင်ချေ မရှိတော့ကြောင်း” ရဟီးမ်ကပြောပါတယ်။
ဒုက္ခသည်စခန်းတွေမှာ ပြစ်မှုကျူးလွန်ခြင်းနဲ့ လုံခြုံရေးကို စောင့်ကြည့်ဖို့ သဘာဝကျတဲ့ ဖြေရှင်းနည်းတွေ အများကြီးရှိပါတယ်။ လုံခြုံရေးကင်း တာဝါတွေဆောက်လုပ်ပြီး သံဆူးကြိုးတွေ ခတ်မယ့်အစီစဉ်ဟာ ကောင်းမွန်တဲ့အရာတစ်ခုဖြစ်တယ်လို့တော့ ကျွန်တော်မထင်ဘူး။ ခြံစည်းရိုးခတ်လိုက်ခြင်းဟာ ဒုက္ခသည်တွေကို အကျဉ်းထောင်ထဲထည့်ရာ ရောက်ကြောင်း” ချောင်ဒရီက UCAသတင်းဌာနကိုပြောပါတယ်။
ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံတွင်းမှာ အခြေခံလူ့အခွင့်ရေးတွေ ဆုံးရှုံးခံရပြီး ပြည်နယ်တွင်း သွားလာမှုတွေကိုပါ ထိန်းချုပ်ပိတ်ပင် ခံထားရတာပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်က လူသားချင်း စာနာမှု ကင်းမဲ့စွာ လူမျိုးတုန်း သုတ်သင်သတ်ဖြတ်ခဲ့တာကြောင့် တစ်ဘက်အိမ်နီးချင်းနိုင်ငံကို ထွက်ပြေး ခိုလှုံ ခဲ့ကြရတာပဲ ဖြစ်ပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ သဘောတူညီမှုတွေ ပြုလုပ်ထားပေမယ့် နိုင်ငံသားအခွင့်ရေးတောင်းဆိုချက်တွေကို မြန်မာဘက်က လက်မခံတာကြောင့် ရိုဟင်ဂျာတွေ မူလဌာနေပြန်ဖို့ ငြင်းဆိုထားတာပဲ ဖြစ်ပါတယ်။
Source: ucanews
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။