Press "Enter" to skip to content

မြန်မာစစ်တပ်နဲ့AAရဲ့ အပြန်အလှန်ပစ်ခတ်မှုကြား ရိုဟင်ဂျာတစ်ဦးသေဆုံးပြီး အများအပြားပိတ်မိနေ

ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း သပိတ်တောင်ကျေးရွာမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်မတော်တို့ အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားချိန်မှာ  ရိုဟင်ဂျာ အမျိုးသားတစ်ဦး ကျည်ဆံအများပြားထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူ ရိုဟင်ဂျာအမျိုးသား၏ အမည်မှာ ဦးအဗ်ဒူလ်မူနာဖ်၏သား ဦးအဗ်ဒူလ်ကရိမ် အသက် ၄၇နှစ်ဖြစ်ပြီး တနင်္ဂနွေနေ့ မနက်၁၁နာရီအချိန်ခန့်မှာ ကျည်ဆံထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

စစ်ပွဲတွေကြား ကျေးရွာနေ ရိုဟင်ဂျာတွေ ပိတ်မိနေကြောင်းနဲ့ မြန်မာစစ်တပ်နဲ့ AAတို့ ပစ်ခတ်တဲ့ လက်နက်ကြီး/ငယ် ကျည်ဆံတွေ ရိုဟင်ဂျာကျေးရွာတွေကိုထိမှန်နေကြောင်း၊ အဓိကအားဖြင့် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို အမြဲတမ်းပစ်မှတ်ထားလေ့ရှိကြောင်း သပိတ်ချောင်းကျေးရွာမှာ နေထိုင်သူတစ်ဦးက ရိုဟင်ဂျာ ဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

“ကျေးရွာတစ်ခုလုံး မငြိမ်မသက်ဖြစ်သွားပြီး ကျေးရွာနေသူတွေ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ ခုလိုဆိုးရွားတဲ့ အကြမ်းဖက်မှုမှာ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေ အများပြားရှိတယ်”လို့ ၄င်းကပြောပါတယ်။

ခုဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်နဲ့ AAတို့ကြားက စစ်ပွဲတွေမှာ ရိုဟင်ဂျာတွေဟာ အဓိက ပစ်မှတ်ဖြစ်လာတာနဲ့အမျှ စစ်ဘေးရှောင် ရိုဟင်ဂျာတွေအနေနဲ့ ဘယ်နေရာကို သွားရောက်ခိုလှုံရမယ်ဆိုတာပင် မသိရှိနိုင်တော့တဲ့ အခြေအနေကို ရောက်ရှိနေကြတာပဲ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ အစွန်းရောက်တွေရဲ့ စနစ်တကျပြုလုပ်နေတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံစားနေရချိန်မှာ ရိုဟင်ဂျာတွေရဲ့ ပြည်တွင်းသွားလာမှုတွေကို မြန်မာအစိုးရက ထိန်းချုပ်ထားတာကြောင့် ကျေးရွာထဲပိတ်မိနေကြသလို ဗုဒ္ဓဘာသာဝင်တွေရဲ့ စစ်ဘေးရှောင်စခန်းတွေဆီ သွားရောက်ခိုလှုံဖို့လည်းမဖြစ်နိုင်ပဲ အပြန်အလှန်ပစ်ခတ်မှုတွေကြားမှာသာ ဒဏ်ရာရ သေဆုံးနေကြရတာဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.