Press "Enter" to skip to content

မိုဘိုင်းသုံးစွဲခွင့်ပိတ်ပင်မှုကို ရပ်တန့်ပေးဖို့ ဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို မေတ္တာရပ်ခံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တဲခ်နာ့ဖ်မြို့၊ ဂျာဒီမိုရာ၊ ရှလ်ဘဂန်း ဒုက္ခသည်စခန်းနံပါတ်(၂၆-၂၇)က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဖုန်းအသုံးပြုခွင့်၊ အင်တာနက်သုံးစွဲခွင့် ကန့်သတ်ပိတ်ပင်မှုတွေကို ရပ်တန့်ပေးဖို့ ရိုဟင်ဂျာဒုက္ခသည်တွေက  ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ရှလ်ဘဂန်းဒုက္ခသည်စခန်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ ဒုက္ခသည်အများပြားကို အတင်းအဓမ္မရပ်တန့် စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဖုန်း၊ ဆင်းမ်ကဒ် ဒါမှမဟုတ် ဆက်သွယ်ရေးကိရိယာ တစ်စုံတစ်ခုတွေ့ရှိတာနဲ့ လုယူတာ၊ သိမ်းဆည်းတာ (သို့) အပိုင်းပိုင်းကျိုးပဲ့သွားအောင် ဖျက်ဆီးပြစ်တာတွေ ပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေနဲ့ ခံရသူတစ်ချို့က ပြောပါတယ်။

ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက လမ်းသွားလမ်းလာတွေကို လိုက်လံဖမ်းဆီးပြီး ကိုယ်ခန္ဓာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး အစစ်ဆေးမခံသူတွေကို ကိုယ်ထိလက်ရောက်စော်ကားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ထိုစစ်ဆင်ရေးကြောင့် ရာပေါင်းမြောက်များစွာသော ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ဆက်သွယ်ရေး ကိရိယာတွေ ဆုံးရှုံးခဲ့ရပါတယ်။

“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ စာနာမှုကင်းမဲ့စွာ ရိုက်နှက် နှိပ်စက် သတ်ဖြတ်မှုတွေ ခံခဲ့ရတာကြောင့် ဘင်္ဂလားဒေ့ရှ်ကို ခိုလှုံဖို့ထွက်ပြေးလာခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အန္တရာယ်ပြုလိုတဲ့ ဆန္ဒလုံးဝမရှိပါဘူး။ တစ်ကယ်လို့ ကျွန်တော်တို့တွေ ဒီမှာနှိပ်စက်ခံရရင် ကျွန်တော်တို့ရဲ့ သွားရမယ့်နေရာကဘယ်မှာလဲ၊ ကျွန်တော်တို့ရဲ့ ကံကြမ္မာကဘာလဲဆိုပြီး” လုံခြုံရေးအရ အမည်မဖော်လိုသူ ဒုက္ခသည်တစ်ဦးက ငိုလျက်ပြောဆိုခဲ့ပါတယ်။

“ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မိုဘိုင်းဖုန်း အင်တာနက်တွေသုံးစွဲခြင်းဟာ တရားမဝင် လုပ်ဆောင်ချက်တွေမှာ ပါဝင်ပတ်သက်ဖို့ အထောက်အကူဖြစ်နေတယ် ဒါမှမဟုတ် အနည်းဆုံးတော့ သူတို့ ဘယ်အချိန်မှာ ဘယ်လိုနေရပ်ပြန်မယ်ဆိုပြီး စုပေါင်းဆုံးဖြတ်ဖို့ အကူညီဖြစ်စေမှာလို့ ထင်မြင်နေတာပဲ ဖြစ်နိုင်တယ်။ တစ်ချို့က လုံခြုံရေးအပေါ်ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေကြတယ်” လို့သူက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ မူလနေရပ်ကို လုံခြုံစိတ်ချစွာ မပြန်နိုင်သေးခင် ဒုက္ခသည်စခန်းတွေမှာ မိုဘိုင်းဖုန်းအသုံးပြုမှု၊ အင်တာနက်သုံးစွဲမှုတွေ ဖြတ်တောက်လိုက်မယ်ဆိုရင် သူတို့တွေဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပိုမိုပြတ်တောက်သွားနိုင်ပြီး အသက်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် စတဲ့ အရေးပေါ်အခြေအနေတွေ ကြုံလာရရင် အခက်အခဲဒုက္ခတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.