Press "Enter" to skip to content

ပေါက်တောမြို့နယ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ စားဝတ်နေရေးအခက်ခဲကြောင့် ကူညီထောက်ပံ့မှု အမြန်ဆုံး လိုအပ်နေ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည်စခန်း(၁)မှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အနေနဲ့ စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

၂၀၁၂ခုနှစ် မြန်မာစစ်တပ်က လူမျိုးတုန်းစစ်ဆင်ရေးတွေစတင်ခဲ့ချိန်မှာ ရခိုင်ပြည်နယ်တစ်ဝှမ်းက ရိုဟင်ဂျာတစ်ချို့ အသက်လုထွက်ပြေးခဲ့ကြရပြီး နီးစပ်ရာမြို့နယ်တွေရဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီလိုပဲ မင်းပြားမြို့နဲ့ မြောက်ဦးမြို့က ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ဝန်းကျင်က ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည် စခန်း(၁)မှာ ယာယီတဲတွေ ဆောက်လုပ်ပြီး ခိုလှုံနေကြတယ်လို့ သိရပါတယ်။

ယာယီတဲတွေဆောက်ပြီး ခေတ္တခိုလှုံနေကြတဲ့ ထိုဒုက္ခသည်တွေက နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုလည်း မရရှိသလို မြို့နယ်တွင်း လွတ်လပ်စွာသွားလာခွင့် မရှိတာကြောင့် အလုပ်အကိုင်မရှိပဲ စားဝတ်နေရေး အလွန်ကြပ်တည်းနေကြောင်း ပြောပါတယ်။

ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည်စခန်း(၁)မှ ရိုဟင်ဂျာဒုက္ခသည်များ။
ဓာတ်ပုံ- ရိုဟင်ဂျာဗီးရှင်း

ဒုက္ခသည် ကလေးသူငယ်တွေအနေနဲ့ ပညာသင်ကြားခွင့်မရတဲ့အပြင် သက်ကြီးရွယ်အိုတွေလည်း ကျန်းမာရေးစောင့်ရှောက်မှုမရပဲ အခက်ခဲတွေကို ရင်ဆိုင်နေကြရပါတယ်။ ခက်ခဲမှုတွေကို ရင်ဆိုင်နေကြရတဲ့ ထိုဒုက္ခသည်တွေက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေရဲ့ အကူညီကိုရရှိဖို့ မျှော်လင့်နေကြပါတယ်။

လက်ရှိ အခက်ခဲဒုက္ခတွေကို ရင်ဆိုင်နေကြရတဲ့ထဲက ရိုဟင်ဂျာတစ်ဦးက ” ကျွန်တော်တို့ စားဝတ်နေရေး ခက်ခဲမှုတွေကို ရင်ဆိုင်နေကြရတယ်။ တစ်ချို့က နေစရာနေရာမရှိလို့ အမိုးအကာမဲ့နေရာတွေမှာနေကြရသလို ဝတ်စရာအဝတ်အထည်မရှိလို့ ဒုက္ခသည်အချင်းချင်း ပြန်လည်မျှဝေပေးထားတဲ့ အဝတ်နွမ်းကို ဝတ်ဆင် ထားရတယ်” လို့ ဝမ်းနည်းစွာနဲ့ ပြောပါတယ်။

၂၀၁၂ခုနှစ် မြန်မာစစ်တပ်ရဲ့ လူသားချင်းစာနာမှုကင်းမဲ့စွာ သတ်ဖြတ်မှုတွေကြောင့် ရိုဟင်ဂျာအများပြား သေဆုံးခဲ့ကြရသလို မီးရှို့သတ်ဖြတ်ခံရသူနဲ့ အဓမ္မပြုကျင့်ခံရသူတွေလည်း အများပြားရှိခဲ့ပါတယ်။ ၎င်းတို့ထဲကမှ အသက်လုထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတစ်ချို့ မူလနေရပ်ကို မပြန်နိုင်သေးပဲ ယခုအချိန်ထိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။

တစ်ဘက် အိမ်နီးချင်းနိုင်ငံကို အသက်လု ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာအစိုးရက ယခုလမှာ ပြန်လည်လက်ခံရေး စတင်မယ်လို့ ပြောဆိုနေပေမယ့် ပြည်တွင်းက ဒုက္ခသည်တွေပင် ခုလိုအခက်ခဲတွေကို ရင်ဆိုင်နေရချိန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ဌာနေပြန်လာမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် စိုးရိမ်စရာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.