Press "Enter" to skip to content

ရိုဟင်ဂျာဒုက္ခသည် မူလဌာနေပြန်ပို့ရေးအစီစဉ်ကို သြဂုတ်လ ၂၂ရက်နေ့ စတင်မည်

မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ရခိုင်ပြည်နယ်တွင်းက ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေထဲက ထောင်နှင့်ချီတဲ့ ရိုဟင်ဂျာတွေကို လာမယ့်အပတ်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက နေရပ်ပြန်လည်ပို့ဆောင် လက်ခံပေးဖို့  စတင်ကြိုးစားသွားမှာ ဖြစ်ကြောင်း သြဂုတ်လ ၁၅ရက် ကြာသပတေးနေ့မှာ တရားဝင်ထုတ်ပြန်ကြေငြာခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

၂၀၁၇ခုနှစ် မြန်မာ့တပ်မတော်က လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တာကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာ ၇သိန်းကျော်ရှိပြီး ၄င်းတို့ထဲက ရိုဟင်ဂျာတစ်ချို့ နေရပ်ပြန်ချင်ပေမယ့်လည်း အကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပွားမှာကို ကြောက်ရွံ့နေတာကြောင့် နေရပ်ပြန်ဖို့ကို ငြင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က မူလဌာနေပြန်ပို့ဖို့ လူဦးရေစာရင်း ၂၂၀၀၀ကျောကို စိစစ်အတည်ပြုပေးဖို့ ပို့ထားတဲ့ထဲက ဒုက္ခသည်ပေါင်း ၃၅၄၀ကို မြန်မာဘက်က အတည်ပြု လက်ခံခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ရိုဟင်ဂျာဒုက္ခသည်ဦးရေ ၃၅၄၀ကို သြဂုတ်လ ၂၂ရက်နေ့မှာ နေရပ်ပြန်လည်လက်ခံ နေရာချထားပေးဖို့ သဘောတူလိုက်ကြောင်း ရိုက်တာသတင်းဌာနကို ဖုန်းနဲ့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အကြိမ်တွေမှာ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ဖို့အရေးမှာ သူတို့ရဲ့ ကြောက်ရွံ့ တွေဝေမှုတွေကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ အသစ်တဖန်ကြိုးစားခြင်းက ရိုဟင်ဂျာဦးရေ အနည်းငယ်ကိုသာ နေရပ်ပြန်ပို့ဖို့ဖြစ်ပြီး သူတို့ကို မည်သူကမှ အတင်းအကြပ် ပြန်စေမှာမဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုလိုက်ပါတယ်။

ပြည်တွင်းစစ်ပွဲတွေ ပိုမိုပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အရေးမှာ သူတို့ရဲ့ လုံခြုံရေးဟာ ပိုမိုစိုးရိမ်စရာဖြစ်နေပါတယ်။ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ အခြေခံလူ့အခွင့်အရေးတွေကို မြန်မာအစိုးရဘက်ကငြင်းဆိုထားချိန်မှာ ရိုဟင်ဂျာတွေ မူလနေရပ်ပြန်လာရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မံခံစားရမှာကို ဒုက္ခသည်အများစုက စိုးရိမ်နေကြပါတယ်။

Source: Reuters
Photo: BBC

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.