Press "Enter" to skip to content

UNFFMရဲ့ တိုက်တွန်းအကြံပေးချက်ကြောင့် ဘယ်လ်ဂျီယံနိုင်ငံပိုင် Newtec ကုမ္ပဏီက Mytelနှင့် လုပ်ငန်းရပ်ဆိုင်း

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ UNFFMရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ထွက်လာပြီးတဲ့နောက်မှာ ဘယ်လ်ဂျီယံအခြေစိုက် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Newtec က မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေတဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတွေကို ရပ်တန့်မယ့်အကြောင်း ကြေညာလိုက်တယ်လို့ ပြည်တွင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အဓိကတာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်ဆံမှုတွေ မပြုလုပ်ဖို့ FFMအဖွဲ့ရဲ့ အကြံပြုချက်တွေကို လိုက်နာပြီး ခုလိုလုပ်ဆောင်မှာဖြစ်ကြောင်း Newtec ကုမ္ပဏီက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

၂၀၁၆-၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကြောင့် ရိုဟင်ဂျာ မွတ်စလင် တစ်သန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတာတွေအတွက် အဓိက တာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ မဆက်ဆံဖို့ ကုလသမဂ္ဂက တိုက်တွန်းပြောဆိုထားပြီး မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။

FFMရဲ့ အကြံပြုချက်အတိုင်း မြန်မာစစ်တပ်က ရှယ်ယာတစ်ချို့ ပိုင်ဆိုင်တဲ့ Mytel ကုမ္ပဏီနဲ့ ဆက်နွယ်လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းမယ့်အကြောင်း ဘယ်လ်ဂျီယံ အခြေစိုက် Newtec ကုမ္ပဏီက ကြေညာခဲ့တာဖြစ်ပါတယ်။

Newtec ကုမ္ပဏီကတော့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေကို Mytel ကုမ္ပဏီနဲ့ လက်တွဲ လုပ်နေခဲ့ပေမယ့် ဒီလုပ်ငန်းတွေကို ComCom ဆက်သွယ်ရေးကုမ္ပဏီကနေတဆင့် လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်နွယ်မှုရှိနေတယ်ဆိုတာ မသိဘဲလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

မြန်မာစစ်တပ်က ရှယ်ယာတစ်ချို့ ပိုင်ဆိုင်တဲ့ Mytel ကုမ္ပဏီနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းအားလုံးကို ရပ်တန့်မယ့်အကြောင်းနဲ့ တဆင့်ခံ ComCom ကုမ္ပဏီက Mytel အတွက် လိုအပ်တဲ့ ၀န်ဆောင်မှုတွေ ရှေ့လျှောက် ကမ်းလှမ်းလာရင်လည်း လက်ခံတော့မှာမဟုတ်ကြောင်း Newtec ကုမ္ပဏီက ထုတ်ပြန် ကြေငြာထားပါတယ်။

Source: VOA

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.