Press "Enter" to skip to content

ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့်AAတို့ တိုက်ပွဲအတွင်း ရိုဟင်ဂျာလူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်ကျေးရွာအုပ်စုမှာ ၂၂.၇.၂၀၁၉ရက်နေ့က မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ လူငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ နေ့လည် ၂နာရီခွဲ အချိန်ခန့်မှာ အင်အား ၂၀၀ကျော်ရှိတဲ့ မြန်မာ့စစ်ကြောင်းက ဥယျာဉ်သာကျေးရွာအနီးတဝိုက်က လယ်ကွင်းပြင်ကိုရောက်ရှိချိန် ရွာရဲ့အရှေ့ဘက်ခြမ်းရှိ တောင်တန်းပေါ်မှ AAနှင့် အပြန်လှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ညနေ ၄နာရီအချိန်ခန့်မှာ ငြိမ်သက်သွားကြောင်းသိရပါတယ်။

မြန်မာစစ်တပ်က ဥယျာဉ်သာကျေးရွာအတွင်းမှာ နေရာယူထားခဲ့ပြီး ညနေ ၆နာရီအချိန်ခန့်မှာ လက်နက်ကြီးတွေနဲ့ အပြန်လှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ထိုပစ်ခတ်မှုတွေကြောင့် ဆင်သေပြင်ကျေးရွာကို လက်နက်ကျည်ဆံတွေ ထိမှန်ခဲ့ပြီး ကျေးရွာနေ ရိုဟင်ဂျာအားလုံး ရွာရဲ့အနောက်ဘက်ခြမ်းဆီကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။

ရွာသားတွေအနေနဲ့ မိမိတို့ ဘေးကင်းမယ်ထင်တဲ့နေရာဆီ ရွှေ့ပြောင်းနေစဉ်အတွင်းမှာ အသက်၁၄နှစ်အရွယ် ရိုဟင်ဂျာလူငယ် တစ်ဦးဖြစ်တဲ့ ဒိလ်မာမတ် (ဘ) ဆုလ်တာန်အမတ် (ခ)ဆူးလေးအမတ်ရဲ့ လက်မောင်းကို ကျည်ဆံထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

ကျည်ဆံထိမှန် ဒဏ်ရာကြောင့် သွေးထွက်လွန်နေပေမယ့် ညနေမိုးချုပ်ချိန်မို့ အရေးပေါ်ဆေးကုသမှုခံယူဖို့ ဘူးသီးတောင် ဆေးရုံကို ခေါ်ဆောင်သွားရန် အဆင်မပြေခဲ့တာကြောင့် ကျန်းမာရေး ဝန်ထမ်းတစ်ချို့က ဆေးကုသပေးခဲ့ပြီး ၂၃ရက် အင်္ဂါနေ့မှာတော့ ဘူးသီးတောင် ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာလည်း မြန်မာစစ်တပ်နဲ့ AAတို့ရဲ့ အပြန်လှန်ပစ်ခတ်မှုကြောင့် ဥယျာဉ်သာကျေးရွာက ရိုဟင်ဂျာ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့သိရပါတယ်။ ယခုလို တိုက်ပွဲများပြင်းထန်နေချိန်မှာ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်တစ်ချို့မှာ အင်တာနက်သုံးစွဲခွင့် ဖြတ်တောက်ထားတာဟာ မြန်မာ့တပ်မတော်အနေနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကို ဖုန်းကွယ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Photo: Aljazeera

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.