ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာမိသားစုခိုလှုံနေထိုင်ရာ ယာယီတဲအိမ်တစ်လုံးကို အုတ်သယ်ဆောင်လာတဲ့ ကားတစ်စီးက မတော်တဆ ဝင်တိုက်မိခဲ့ရာ ရိုဟင်ဂျာဒုက္ခသည် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာမှ မျက်မြင်သက်သေတစ်ဦးက သတင်းပေးပို့ထားပါတယ်။
သောကြာနေ့မနက် ၈နာရီ ၄၅မိနစ်ခန့်မှာ ဒုက္ခသည်စခန်းနံပါတ် ၂ ၊ဘလော့ခ်-ဒီ-၅က ယာယီတဲတစ်ခုကို အုတ်သယ်ဆောင်လာတဲ့ကားမှ တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။ သေဆုံးသူနှစ်ဦးရဲ့ အမည်မှာ ဦးအဏ္ဏဝါ၏ အမျိုးသမီးဖြစ်သူ အသက် ၃၅နှစ်အရွယ် ရှောမ်ရှိဒါနှင့် အသက် ၂နှစ်အရွယ် သားဖြစ်သူ ကိုင်ဆဲရ်တို့ဖြစ်ကြပါတယ်။
ဒဏ်ရာရရှိသူ သုံးဦးကတော့ ဦးအဗ်ဒူလ်မော်ဂျိဒ်၏သားဖြစ်သူ ဦးအဏ္ဏဝါ အသက်(၄၅)နှင့် သူ၏သမီးများဖြစ်သည့် အသက်၂၀အရွယ် ဖရ်မင်းန်နှင့် အသက် ၁၇နှစ်အရွယ် ရက်စ်မင်းတို့ ဖြစ်ကြပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူအားလုံးဟာ မိသားစုဝင်တစ်စုထဲကဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို နီးစပ်ရာဆေးရုံတွေဆီကို အမြန်ဆုံးပို့ဆောင်ပေးခဲ့ပါတယ်။
မျက်မြင်သက်သေတွေရဲ့ ပြန်လည်ပြောကြားချက်အရ ဒဏ်ရာရရှိသူ သုံးဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေနေမှာ ရှိနေပြီး ပြန်လည်ကောင်းမွန်လာဖို့အခွင့်ရေးနည်းပါးကြောင်း ပြောဆိုထားပါတယ်။ လူဦးရေထူထပ်တဲ့ ဒုက္ခသည်စခန်းတွေမှာ မတော်တဆထိခိုက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး ဒဏ်ရာရသေဆုံးသူတွေလည်း အများပြားရှိနေကြောင်း သိရပါတယ်။
ဓာတ်ပုံ- ဆိုရှယ်မီဒီယာ
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။






