Press "Enter" to skip to content

ကျောက်တော်မြို့နယ်တွင်းက ရိုဟင်ဂျာတွေ ရေဘေးဒုက္ခနှင့်ရင်ဆိုင်နေရ

ကျောက်တော်မြို့။ ။ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေသည့်ထဲမှ ကျောက်တော်မြို့နယ်က ကျေးရွာပေါင်း ၄၀မှာတော့ ပြီးခဲ့တဲ့ စနေနေ့ကတည်းက ရေကြီးမှုတွေကြောင့် ရိုဟင်ဂျာမွတ်စလင်တွေနဲ့တကွ တစ်ခြားသော ဒေသခံပြည်သူတွေလည်း ရေဘေးဒုက္ခတွေကို ရင်ဆိုင်နေရကြောင်း ကျေးရွာနေသူတစ်ဦးမှ ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

ကျောက်တော်မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၄၀မှာတော့ ရေကြီးမှုတွေကြောင့် နေအိမ်မြောက်များစွာ ရေမြှုပ်သွားကြောင်း သိရပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်နေရတဲ့ ခုချိန်မှာတော့ နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တွေနဲ့ အစိုးရအဖွဲ့စည်းတွေရဲ့ အကူညီတွေ အမြန်ဆုံးလိုအပ်နေပေမယ့် မည်သည့်အသင်းအဖွဲ့မှ ကူညီရန်ရောက်မလာသေးကြောင်း သိရပါတယ်။

ရေကြီးနေတဲ့ မြို့နယ်တွေရဲ့ လမ်းမတွေထက်မှာ ရေဟာ တစ်ပေကနေ သုံးပေကြားရှိနေပြီး တချို့မြေနိမ့် ပိုင်းတွေမှာ နေအိမ်ခေါင်မိုးတွေအထိ ရေမြှုပ်တာတွေရှိနေသလို ကျေးရွာနေ ရိုဟင်ဂျာတွေက စက်လှေတွေနဲ့ သွားလာနေကြရတယ်လို့ သိရပါတယ်။ ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့အတွက် ဒေသခံရိုဟင်ဂျာတွေ စားဝတ်နေထိုင်ရေး အခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။

၂၀၁၂ခုနှစ် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုတွေပြုလုပ်ခဲ့ချိန် ရိုဟင်ဂျာမွတ်စလင်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရပြီး မြန်မာနိုင်ငံတွင်း ကျန်ရှိနေခဲ့တဲ့ ရိုဟင်ဂျာအများပြားကတော့ ယာယီဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရပါတယ်။ ကျေးရွာတွင်း ကျန်ရှိနေခဲ့တဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အနေနဲ့ ယခုချိန်မှာ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.