Press "Enter" to skip to content

ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ သုံးရက်တာခရီးစဉ်အတွင်း ရိုဟင်ဂျာဒုက္ခသည်များနှင့်တွေ့ဆုံ

မြန်မာနိုင်ငံကို သုံးရက်တာ ခရီးစဉ်အတွက်ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါဝင် ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း ပြည်တွင်း သတင်း အရင်းမြစ်တွေအရ သိရပါတယ်။

စစ်တွေမြို့နယ်မှာရှိတဲ့ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းမှာ သွားရောက်လေ့လာခဲ့တဲ့ Christine Burgener ကို ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်တွေရဲ့ အခြေအနေဟာ တိုးတက်မှုတစ်စုံတစ်ရာ မရှိပဲ  ကျန်းမာရေး၊ ပညာရေး၊ လွတ်လပ်စွာသွားလာခွင့်တွေ ကန့်သတ်ခံနေရဆဲဖြစ်ကြောင်းနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ပါ တင်ပြခဲ့ကြောင်း သိရပါတယ်။

သူမကတော့ ဒီအချက်လက်တွေကို မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့တွေ့ဆုံတဲ့အခါမှာ ထည့်သွင်းဆွေးနွေးမယ့်အကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။ သူမဟာ ရခိုင်ပြည်နယ် မြေပုံမြို့ကိုလည်း သွားရောက်ပြီး ၂၀၁၂ ခုနှစ်က လူမျိုးတုန်းစစ်ဆင်ရေးကြောင့် ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့သလို ရခိုင်အမျိုးသမီးအဖွဲ့တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီ(ANP)နဲ့တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့တွေ့ဆုံရာမှာ စစ်ပွဲတွေကြောင့် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်မှုတွေ များလာတာ၊ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့အခက်အခဲ၊ စစ်ရေးပဋိပက္ခတွေပြေလည်ရေး စတာတွေကို ဆွေးနွေးခဲ့ပါတယ်။

သောကြာနေ့မှာတော့ သူမရဲ့သုံးရက်တာ ရခိုင်ပြည်နယ်ခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး Christine Burgener အနေနဲ့ သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို မြန်မာအစိုးရတာဝန်ရှိသူတွေကို တင်ပြဆွေးနွေးမှာဖြစ်သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံကိုလည်း အစီရင်ခံစာတင်ပြမှာဖြစ်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ဟာ ကုလသမဂ္ဂအထွေအထွေ ညီလာခံ မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစီရင်ခံစာ အခု ဇူလိုင်လဆန်းပိုင်းက တင်သွင်းခဲ့ပြီး အဲဒီ အစီရင်ခံစာမှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ အခက်အခဲတွေကို အဓိကထားပြောခဲ့တဲ့အပြင်၊ မြန်မာနိုင်ငံတွင်းဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးအတွက် သူ့အနေနဲ့ အနီးကပ်စောင့်ကြည့်နေကြောင်း ထည့်သွင်းရေးသား ဖော်ပြခဲ့ပါတယ်။

Source: RFA, VOA
Photo : globalnewlightofmyanmar

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.