Press "Enter" to skip to content

မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာအများပြား မြေပြိုကျမှု၊ ရေလွှမ်းမိုးမှုတွေ ရင်ဆိုင်နေရ

၂၀၁၉ခုနှစ် ဇူလိုင်လ ၄ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ် မြန်မာကြားမှာရှိတဲ့ လူမဲ့ဇုန် နဲ့ တခြားသော နေရာက ဒုက္ခသည်စခန်းတွေမှာ မိုးပြင်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေဖြစ်ပွားခဲ့ပါတယ်။

ရေကြီးမှုတွေကြောင့် နှစ်နိုင်ငံကြား လူမဲ့ဇုန်မှာ ပိတ်မိနေကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ ခက်ခဲဒုက္ခတွေကို ရင်ဆိုင်နေကြရပါတယ်။ သဘာဝဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ရိုဟင်ဂျာတွေဟာ နိုင်ငံတကာ အဖွဲ့စည်းတွေရဲ့ အကူညီတွေလိုအပ်နေပေမယ့် ယခုအချိန်ထိ မည်သည့်အဖွဲ့စည်းမှ ဆက်သွယ်လာခြင်း မရှိကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ Balukhaliနဲ့Tenghali  ဒုက္ခသည်စခန်းတွေမှာလည်း ရေကြီးမှုတွေကို ရင်ဆိုင်နေကြရပါတယ်။ တောင်ကုန်းတွေအနီးနားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ မြေပြိုကျမှုတွေ ဖြစ်ပွားနေတာကြောင်း အသက်အန္တရာယ်တွေ စိုးရိမ်နေကြရပါတယ်။

ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ၉၀ရာခိုင်နှုန်းသော ရိုဟင်ဂျာတွေဟာ အစားသောက် ချက်ပြုတ်မှုတွေမလုပ်နိုင်သလို အိပ်စရာနေရာပင် မရှိပဲ အတိဒုက္ခရောက်နေကြရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း WFPက ရိက္ခာလျှော့ချမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒုက္ခသည်စခန်းအများပြားက ရိုဟင်ဂျာတွေ အစာငတ်ခံ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ရေလွှမ်းမိုးမှုတွေ ဖြစ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေထိုင်ရာ အရပ်ဒေသတွေမှာ သူတို့ရဲ့ အိမ်အသုံးဆောင်ပစ္စည်းတွေ ရေထဲမမျှောပါသွားအောင် ကြိုးပမ်းနေကြတာကိုလည်း တွေ့ရှိရပါတယ်။ လက်ရှိအချိန်ထိတော့ ထိခိုက်ဒဏ်ရာ ရရှိသူနဲ့ သေဆုံးသူမရှိသေးကြောင်းလည်း သိရပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.