Press "Enter" to skip to content

မြန်မာအစိုးရက ပြင်းထန်တဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို သတင်းအမှောင်ချထားရန် အင်တာနက် သုံးစွဲခွင့်ဖြတ်တောက်

မြန်မာနိုင်ငံရဲ့ ပြည်နယ်ဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က နေရာတစ်ချို့မှာ မြန်မာအစိုးရက မိုဘိုင်းဖုန်း အင်တာနက်သုံးခွင့်ကို ဖြတ်တောက်လိုက်တာဟာ မြန်မာစစ်တပ်က ပြင်းထန်တဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်နိုင်တာကြောင့် ဒေသတွင်း သတင်းတွေကို အမှောင်ချလိုက်တာ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောကြားလိုက်ပါတယ်။

မြန်မာအစိုးရက မြို့နယ် (၉)ခုမှာ မိုဘိုင်းဖုန်း အင်တာနက်ကွန်ယက် သုံးစွဲခွင့်ကို ဖြတ်တောက်လိုက်တာဟာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာ မှုဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုတွေအပေါ် ပြင်းပြင်းထန်ထန် ဂယက်ရိုက်မှုတွေရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုခဲ့ပြီး ဒေသခံတွေ အားလုံးအတွက် စိုးရိမ်ပူပန်မိကြောင်းလည်း သူမရဲ့ ထုတ်ပြန် ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့ တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး လုပ်နေကြောင်း သူ့အနေနဲ့ သတင်းရရှိထားပြီး ယခုလို မိုဘိုင်းဖုန်း အင်တာနက်သုံးခွင့် ဖြတ်တောက်လိုက်တာဟာ ဒေသခံ ပြည်သူတွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို ဖုန်းကွယ်ဖို့ ကြိုးစားတာဖြစ်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်နေ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မြန်မာစစ်တပ်က ရဟတ်ယာဉ်အသုံးပြုပြီး လေကြောင်းစစ်ဆင်ရေးတွေပြုလုပ်ခဲ့ကြောင်းနဲ့ ရခိုင်တပ်မတော်(AA)က စစ်တွေမြို့ ဆတ်ရိုးကျချောင်းဝမှာ ရှိနေတဲ့ မြန်မာတပ်မတော် ရေတပ် ဆွဲသဘောင်္ တစ်စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ စစ်သားများ ရှိကြောင်းလည်း ထုတ်ပြန် ကြေငြာထားပါတယ်။

၂၀၁၇ခုနှစ် မြန်မာစစ်တပ်က လူမျိုးတုန်းစစ်ဆင်ရေးတွေပြုလုပ်ချိန် ရိုဟင်ဂျာမွတ်စလင်ဦးရေ ၇သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး ရခိုင်ပြည်နယ်ဟာ နိုင်ငံတကာအသိုင်းဝိုင်းရဲ့ အာရုံစူးစိုက်မှုကို ခံနေရတာဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်းမှာ  ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ မြန်မာ့ဆက်သွယ်ရေး ကုမ္ပဏီတွေက အင်တာနက်ဝန်ဆောင်မှု အားလုံးကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ဝန်ကြီးဌာနမှ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အများပြည်သူ အကျိုးကို ထိခိုက်စေတဲ့ အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်တာနက်အသုံးပြုခွင့် ယာယီဖြတ်တောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြီးခဲ့တဲ့ ၂၂ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က ဆောင်ရွက်ခိုင်းတာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၁၈ နှစ်ကုန်ပိုင်းကနေ စတင်ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်နဲ့ ရခိုင်တပ်မတော် (AA)တို့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ဒုက္ခသည်စုစုပေါင်း ၃သောင်းကျော်ရှိကြောင်းကိုလည်း သူမရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

Source: Reuters, VOA, RFA

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.