ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်မှာ ဘာသာရေးဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ မိုက်ကယ်ကျော်မြင့်နဲ့ သူ့အပေါင်းပါဖြစ်တဲ့ သီဟမျိုးနိုင်တို့ကို ဇွန်လ ၁၄ရက်နေ့မှာ တောင်ဒဂုံ မြို့နယ်တရားရုံးမှာ စတင်ရုံးထုတ်ခဲ့ကြောင်း ပြည်တွင်း သတင်း အရင်းမြစ်တွေအရ သိရပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လလည်းဖြစ်တဲ့ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ညမှာ တောင်ဒဂုံမြို့နယ်အတွင်းက ယာယီဝတ်ပြုကျောင်းဆောင်တွေကို ဘာသာရေးအစွန်းရောက် တစ်ဦးဖြစ်တဲ့ မိုက်ကယ်ကျော်မြင့်နဲ့ လူတစ်စုက လိုက်လံပိတ်ခိုင်းခဲ့တာကြောင့် လူစုလူဝေးဖြစ်ပွားခဲ့ပါတယ်။
မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှုး ဦးလှမြင့်က တရားလိုအဖြစ် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က မန္တလေးတိုင်း မတ္ထီလာခရိုင် ဝမ်းတွင်းမြို့က သူ့ ယောက္ခနေအိမ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ယခုဖြစ်ပွားတဲ့ ဒဂုံမြို့သစ်တောင်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုဆောင် ၃ခုကို ပိတ်ပေးဖို့ အုပ်စုဝိုင်းဖွဲ့ပြီး ခြိမ်းခြောက်ဖိအား ပေးခဲ့တဲ့ဖြစ်ရပ်မှာ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဘာသာရေး အစွန်းရောက် မိုက်ကယ်ကျော်မြင့်ဟာ ယခင်ကလည်း ပြစ်မှုပေါင်း ၃ခုနဲ့ ထောင်ဒဏ် ကျခံခဲ့ဖူးသူဖြစ်ပါတယ်။
ဓာတ်ပုံ – အင်တာနက်
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။