Press "Enter" to skip to content

အသက်မပြည့်သေးသည့် ရိုဟင်ဂျာအမျိုးသမီးငယ်တစ်ဦးကို နယ်ခြားစောင့်ရဲများက အဓမ္မပြုကျင့် သတ်ဖြတ်မှုဖြစ်ပွား

မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ငန်းချောင်းကျေးရွာအုပ်စု မြောက်ရွာတွင်နေထိုင်သော အသက်မပြည့်သေးသည့် ရိုဟင်ဂျာအမျိုးသမီးငယ် တစ်ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း Rohingya Eyeမှ သတင်းပေးပို့ထားပါတယ်။

ဖြစ်စဉ်မှာ ဦးနူရ်ဘော်ရှောရ်(ခ) ဖူတီယာ (ရာအိမ်မှူးဟောင်း-ကွယ်လွန်)၏ သမီးဖြစ်သူ အသက် (၁၂)နှစ်အရွယ်ရှိသည့် စမီရာက ဇွန်လ ၁၁ ရက် အင်္ဂါနေ့ ညနေငါးနာရီ အချိန်ခန့်မှာ သူမ လွှတ်ကျောင်းထားသည့် ဆိတ်များကို ရှာဖွေရန် နေအိမ်က ထွက်သွားခဲ့ပါတယ်။

ဆိတ်များရှာဖွေရန် ထွက်သွားသည့် စမီရာက ညနေ (၇)နာရီ ထိုးသည်အထိ နေအိမ်ကို ပြန်ရောက်မလာခဲ့တာကြောင့် သူမရဲ့မိခင်က လိုက်လံရှာဖွေဖို့ အနီးနားမှာရှိတဲ့ ရွာသားတွေကို အကူညီတောင်းခဲ့ရာ ရွာသားတွေက ည(၁၀)နာရီ ထိုးသည့်အချိန်ထိ ရှာဖွေခဲ့ပေမယ့် သူမကိုရှာဖွေတွေ့ရှိခြင်းမရှိခဲ့ပါ။

ဇွန်လ(၁၂)ရက် မနက်ခင်း ၉နာရီ အချိန်ခန့်မှာတော့ ရွာရဲ့အနောက်ဘက် လယ်ကွင်းမှာ သေဆုံးနေသူ စမီရာရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေဆုံးသူဟာ အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့တာ ဖြစ်တာကြောင့် ငန်းချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက သေမှုသေခင်း စစ်ဆေးရန်အတွက် မောင်တောဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ကြက်ရိုးပြင်အခြေစိုက် နယ်ခြားစောင့်ရဲဝတ်စုံများ ဝတ်ဆင်ထားသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ န.ခ.ခ(၆)မှ တပ်ဖွဲ့ဝင်တစ်ချို့က သူမကို ခေါ်ဆောင်သွားခဲ့တာကို မြင်ခဲ့ကြောင်း သူမရဲ့ အဒေါ်တော်စပ်သူ တစ်ဦးက ကျေးရွာတွင်းနေသူတစ်ချို့ကို ပြောပြခဲ့သော်လည်း ရွာသားများက ကြောက်ရွံ့ပြီး သွားရောက်ရှာဖွေမှုတွေ မပြုလုပ်ခဲ့တာကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း ရွာသူ/သားများက တစ်ညီတစ်ညွှတ်တည်း ပြောဆိုနေတာကို ကြားသိရပါတယ်။

ရွာသားတစ်ဦးကလည်း “သေဆုံးသူရဲ့အလောင်းကို ညမထွက်ရ အမိန့်ရှိတဲ့ အချိန်မှာ ရွာအနီးက လယ်ကွင်းထဲကို လာပစ်ထားတာ ဖြစ်နိုင်ကြောင်းနဲ့ မိမိတို့က ထိုလယ်ကွင်းဘက်ကို အကြိမ်အရေ အတွက်ပေါင်းများစွာ ရှာဖွေခဲ့ပေမယ့် မတွေ့ရှိခဲ့ပဲ နောက်နေ့ မနက်မှသာ တွေ့ရှိခဲ့တာဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။

န.ခ.ခ(၆)မှာ တပ်ဖွဲ့ဝင်ပေါင်း ၁၀၀ကျော်ခန့်ရှိပြီး နေ့ခင်းဘက်အချိန်တွေမှာ ရွာအနောက်ဘက်နှင့် တောင်ဘက်မှာ တပ်ဖွဲ့ဝင် (၅)ဦးစီ အဖွဲ့ခွဲပြီး နေ့စဉ်နေ့တိုင်း ကင်းစောင့်နေတာ တွေ့ရှိရကြောင်း သိရပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာမွတ်စလင်တွေကို အမျိုးမျိုး ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုတွေ ပြုလုပ်နေပေမယ့်လည်း မြန်မာအစိုးရက ရိုဟင်ဂျာတို့ရဲ့ တရားမျှတမှု ရရှိရေးအတွက် တစ်စုံတစ်ရာပင် အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးတာကိုလည်း တွေ့ရှိရပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.