ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက သူတို့ရဲ့ကလေးငယ်တွေ ပညာသင်ကြားခွင့် မရရှိခြင်းကြောင့် အနာဂတ်ပျောက်ဆုံးမှာကို စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပါတယ်။
ကူတုပါလောင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ သားသမီးခြောက်ဦး၏ ဖခင်ဖြစ်သူ ဦးအဘူဆော်ယဒ်က သူ့ဘဝကတော့ ပြီးဆုံးခါနီးပြီဖြစ်ပေမယ့် တကယ်လို့ သူ့သားမီးတွေလည်း ပညာသင်ကြားခွင့်မရရင် သူတို့ဘဝတွေလည်း အဓိပ္ပာယ်မဲ့လာတော့မှာဖြစ်ကြောင်းနဲ့ လုံလောက်တဲ့ပညာရေး မရရှိခြင်းက သူတို့အတွက် ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်းကို မရရှိစေနိုင်ကြောင်း ပြောပါတယ်။
ထို့အပြင် ဦးအဘူဆော်ယဒ်က “တကယ်လို့ မနက်ဖြန် ကျွန်တော်သေဆုံး သွားခဲ့သည်ရှိသော် ကျွန်တော့်နှလုံးသားထဲမှာ နာကျင်မှုရယ်၊ နောင်တတွေရယ်နဲ့ သေဆုံးမှာဖြစ်တယ်”လို့ ဖခင်တစ်ဦးရဲ့ သားသမီးအနာဂတ်အတွက် ပူဆွေးနေမှုကို ဝမ်းနည်းစွာ ပြောပါတယ်။
ဦးအဘူဆော်ယဒ်၏ သားဖြစ်သူ အသက် ၁၅နှစ်အရွယ်ရှိတဲ့ မိုဟမ္မဒ်အာယာစ်ကလည်း သူ့ဘဝမှာ ဆရာဝန်တစ်ဦးဖြစ်လာဖို့အိမ်မက်တွေရှိခဲ့ပေမယ့် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှု ခံရချိန်မှာ အသက်လု ထွက်ပြေးခဲ့ရတာကြောင့် ပညာသင်ကြားရေးကို ရပ်တန့်ခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ ဒုက္ခသည်စခန်းမှာ မျှော်လင့်ချက်ကင်းမဲ့စွာ အသက်ရှင်နေရပြီး ကုန်စုံဆိုင်ငယ်တစ်ခုမှာ ကူညီလုပ်ကိုင်နေကြောင်း ပြောပါတယ်။သူ့ရဲ့သူငယ်ချင်းတွေကတော့ လူမှုကူညီရေး အသင်းအဖွဲ့အစည်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေကြကြောင်း ပြောဆိုခဲ့ပါတယ်။
မိုဟမ္မဒ်အာယာစ်က သူ့အနေနဲ့ အသစ် အသစ်သော အရာတွေကို နေ့စဉ်လေ့လာခွင့် ရရှိအောင် ပညာဆက်သင်ကြားနိုင်ဖို့ ဆုတောင်းကြောင်းကိုလည်း ပြောပါတယ်။ ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာ ကလေးငယ်တွေအနေနဲ့ တစ်နေ့ကို နာရီအနည်းငယ်သာ ပညာသင်ကြားခွင့်ရရှိပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ အသက်မွေးဝမ်းကျောင်း ဘာသာရပ်တွေကို တစ်နေ့ သုံးကြိမ်အလှည့်ကျ သင်ကြားပေးနေတာဖြစ်ပါတယ်။
ပညာသင်ကြားရေး အဆောင်တွေမှာ သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေ မရှိသေးတဲ့အပြင် အလယ်တန်းကျောင်းသူ/သားတွေအတွက်လည်း ပညာရေးသင်ကြားခွင့်ကျောင်း မရှိသေးတာကြောင့် အသက်၁၀နှစ်အထက် ရိုဟင်ဂျာကလေးငယ်တွေရဲ့ ပညာရေး ရပ်တန့်သွားခဲ့ပြီး အနာဂတ်ပျောက်နေကြတာပဲ ဖြစ်ပါတယ်။
Source: unhcr
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။