Press "Enter" to skip to content

ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားတွေကို တပ်ချုပ်အမိန့်နဲ့ လွှတ်ပေးခဲ့

၂၀၁၇ခုနှစ် ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ မွတ်စလင် ၁၀ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအတွက် ထောင်ဒဏ် (၁၀)နှစ် ကျခံရတဲ့ စစ်သား(၇)ဦးကို တစ်နှစ်မပြည့်ခင်မှာပဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နဲ့ လွှတ်ပေးခဲ့တာဖြစ်ကြောင်း ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းအရင်းမြစ်တွေအရ သိရပါတယ်။

အင်းဒင်ရွာလူသတ်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၁၀ နှစ် အသီးသီး အပြစ်ပေးထားတဲ့ တပ်မတော်သား ခုနှစ်ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပြီး အကျဉ်းဦးစီးဌာနကလည်း အတည်ပြုပါတယ်။

ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ် ဧပြီမှာ အရာရှိလေးဦးနဲ့ စစ်သား သုံးဦးကို စစ်တပ်က ဖယ်ရှားပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၁၀)နှစ် ချမှတ်ခဲ့တယ်လို့ ကြေငြာခဲ့တာဖြစ်ပါတယ်။

အမည်မဖော်ပြထားတဲ့ လူတစ်စုနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ချို့က အပြစ်မဲ့ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့သူတွေ ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်ဆီ မေတ္တာရပ်ခံခဲ့ပြီးနောက် တစ်နှစ်တောင်မပြည့်ပဲ ၂၀၁၈ နိုဝင်ဘာမှာ ပြန်လည်လွတ်မြောက် လာခဲ့တာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်သားတွေဟာ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်ခဲ့တာကြောင့် မေတ္တာရပ်ခံချက်ကိုလည်း စဉ်းစားပြီးနောက် စစ်တပ်အကြီးအကဲဖြစ်သူက သူတို့ရဲ့ထောင်ဒဏ်တွေကို ၁၀နှစ်ကနေ တစ်နှစ်အောက် လျှော့ချပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“မေတ္တာရပ်ခံချက်ကြောင့်ပဲ သူတို့ကိုနိုဝင်ဘာမှာလွှတ်ပေးခဲ့တာဖြစ်ပါတယ်။ စစ်တပ်က ဥပဒေတွေ အတိုင်းလုပ်ဆောင်ခဲ့တယ်”လို့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ဦးဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

အင်းဒင်မှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ စစ်သားတွေဟာ ထိုသတ်ဖြတ်မှုတွေကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးထက် နည်းပါးတဲ့ အချိန်ကာလသာလျင် အကျဉ်းထောင်မှာ ချုပ်နှောင်ခံခဲ့ကြရတာပဲ ဖြစ်ပါတယ်။

၂၀၁၇ခုနှစ် လူမျိုးတုန်းသတ်ဖြတ်ချိန် အင်းဒင်မှာ ရိုဟင်ဂျာ(၁၀)ဦး သတ်ခံရတာကို စုံစမ်းစစ်ဆေး ဖော်ထုတ်ခဲ့တာကြောင့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးကို နိုင်ငံတော် ထိပ်တန်း လျို့ဝှက်ချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲကာ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပြီး ၂၀၁၈ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့မှာ မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် (၇)နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

မေတ္တာရပ်ခံချက်ကြောင့် ပြစ်မှုကျူးလွန်သူတွေကို လွှတ်ပေးခဲ့ပေမယ့် ပြစ်မှုတွေကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အယူခံကိုတော့ အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးက အကျဉ်းထောင်မှာ တစ်နှစ်ကျော်ချုပ်နှောင်ခံရပြီး မေလ ၆ရက်နေ့မှာ သမ္မတဦးဝင်းမြင့်ရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်မြောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

SOURCE: ANADOLU AGENCY, VOA, IRRAWADDY

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.