Press "Enter" to skip to content

ဖမ်းဝရမ်းထုတ်ခံထားရသူ အမျိုးသားရေး အစွန်းရောက်ဆရာတော် ဦးဝီရသူကို ဖမ်းဆီးရန်ရှာဖွေ

အစ္စလာမ်ဆန့်ကျင်ရေးတွေကိုသာ တစ်စိုက်မတ်မတ် လုပ်လေ့ရှိပြီး “Buddhist Bin Laden” လို့လည်း လူသိများတဲ့ အမျိုးသားရေး အစွန်းရောက် (မဘသ)ဆရာတော် ဦးဝီရသူကို ရန်ကုန်တိုင်း အစိုးရ အာဏာပိုင်တွေဘက်က ပုဒ်မ ၁၂၄ (က)နဲ့ တရားစွဲခဲ့တာကြောင့် အနောက်ပိုင်းခရိုင် တရားရုံးက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရပါတယ်။

အနောက်ပိုင်းခရိုင် တရားရုံးက ထုတ်တဲ့ ဖမ်းဝရမ်းကို မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ရဲစခန်းက လက်ခံရရှိခဲ့ပြီး ဦးဝီရသူ သတင်းသုံးနေထိုင်ရာ ကျောင်းတိုက်ဖြစ်တဲ့ မစိုးရိမ်ကျောင်းကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေက သွားရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဦးဝီရသူဟာ ရန်ကုန်ကို ရောက်ရှိနေကြောင်း ဆရာတော်တချို့က ပြောပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဟာ အစိုးရကို အကြည်ညိုပျက်အောင် အားထုတ်လှုံ့ဆော်တဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားခဲ့ရင် ငွေဒဏ်နဲ့အတူ ထောင်ဒဏ် တစ်သက် တစ်ကျွန်းအထိ ချမှတ်နိုင်ပါတယ်။ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူအတွက် မျိုးချစ်မြန်မာ ရဟန်းတော်များ သမ္မဂ္ဂအဖွဲ့က ထောင်ထွက်ရဟန်းအချို့နှင့် လူပုဂ္ဂိုလ် ၃၀၀ ၀န်းကျင်က ရွှေတိဂုံဘုရားကို သွားရောက်ပြီး အချုပ်အနှောင်ကင်းဖို့ ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်။

မျိုးချစ်မြန်မာရဟန်းတော်များသမ္မဂ္ဂ အဖွဲ့ဟာ ၉၆၉  လှုပ်ရှားမှုများ၊ တပ်မတော် ထောက်ခံရေး အခမ်းအနားများ၊ ဦးဝီရသူ၏ အစွန်းရောက် ဘာသာရေး လှုပ်ရှားမှုတွေအပေါ် အစဉ်တစိုက် ထောက်ခံ အားပေးလာတဲ့အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးသုစိတ္တအပါအ၀င် ခေါင်းဆောင်တစ်ချို့ဟာလည်း ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အမျိုးသားအရေး အစွန်းရောက် ရဟန်းတွေ ပါဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဦးဝီရသူဟာ အမျိုးသားရေးအစွန်းရောက် လှုပ်ရှားမှုတွေကိုသာ အမြဲဦးဆောင်ပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာလူနည်းစုကို မုန်းတီးရေးဝါဒတွေကို အမြဲထောက်ခံ အားပေးမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားသူ တစ်ဦးလည်းဖြစ်ပါတယ်။၂၀၁၃ခုနှစ်မှာလည်း “The face of Buddhist terror”ဆိုပြီး လူမျိုးရေး ဘာသာရေးခွဲခြားကာ အကြမ်းဖက်မှုကို အားပေးသူအဖြစ်နဲ့ Timeမဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့ပါတယ်။

Source: RFA, VOA, MYANMAR MUSLIM MEDIA, THE STAR

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.