ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ညောင်ချောင်း၊ ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု ဘုရားပြင်အောင်ပကျေးရွာတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင်များ ယခု ရမသွာန်(ဥပုသ်လ)မှာ ရေရှားပါးမှုပြသနာများနှင့် ရင်ဆိုင်နေရတာကြောင့် နေ့စဉ် သောက်သုံးရေ အတွက်ပင် အခက်ခဲများရှိနေကြောင်း ဒေသခံရိုဟင်ဂျာတစ်ဦး သတင်းပေးပို့ထားပါတယ်။
ဘုရားပြင်အောင်ပကျေးရွာမှာ အိမ်ခြေစုစုပေါင်း (၈၀၀)ခန့်ရှိပြီး လူဦးရေပေါင်း (၅၀၀၀)ကျော်ခန့် နေထိုင်ကြပါတယ်။ နွေရာသီကျရောက်ချိန်မှာ ထိုကျေးရွာတွင်းနေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ရေရှားပါးမှုပြသနာတွေနဲ့ရင်ဆိုင်နေကြရပြီး သောက်သုံးရေကန်များပါ ခန်းခြောက်သွားတဲ့အတွက် နေ့စဉ်အသက်ရှင် နေထိုင်မှုအတွက်ပါ ဒုက္ခများနှင့် ရင်ဆိုင်နေကြရပါတယ်။
ရမသွာန်(ဥပုသ်လ)ကျရောက်လာပေမယ့်လည်း စစ်ဘေးဒုက္ခများနဲ့ရင်ဆိုင်နေကြရတဲ့ ဖိနှိပ်ခံ ရိုဟင်ဂျာ မွတ်စလင်တွေဟာ နေ့စဉ်ဝမ်းစာရှာထွက်ဖို့ မလွယ်ကူတာကြောင့် စားဝတ်နေရေး ဒုက္ခရောက်နေကြတဲ့အပြင် သောက်သုံးရေ ပြတ်လတ်မှုတို့ကြောင့် အသက်ရှင်နေထိုင်ရန်ပင် ခက်ခဲမှုတွေကို ခံစားနေကြရတာပဲ ဖြစ်ပါတယ်။ ဗလီတွင်းမှာရှိတဲ့ ရေကန်မှရေများလည်း ခမ်းခြောက်လာတာကြောင့် ဝတ်ပြုရန်အတွက် ဝူဇူရေအခက်ခဲများကိုပါ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း ကျန်ရှိနေတဲ့ ဖိနှိပ်ခံ ရိုဟင်ဂျာ အများစုဟာ ဆင်းရဲနွမ်းပါးသူများဖြစ်ကြပြီး မိမိတို့အနေနဲ့ ရေရှားပါးမှုပြသနာကို ကိုယ်တိုင်ကိုယ်ကျဖြေရှင်းရန်အတွက် အခက်ခဲတွေ ရှိနေတာကြောင့် နိုင်ငံတကာမှအကူညီများ အမြန်ဆုံးလိုအပ်ကြောင်း ဒေသခံတစ်ဦးက တောင်းဆိုထားပါတယ်။ အဝီစိတွင်းများ တူးဖော်နိုင်လျင် သောက်သုံးရေ ရှားပါးမှု အခက်အခဲများ အဆင်ပြေနိုင်ပေမယ့် နေ့စဉ် ဝမ်းရေးအတွက်ပင် ပင်ပမ်းဆင်းရဲစွာ ရှာဖွေစားသောက်နေကြရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ အနေနဲ့ ငွေကြေးမတတ်နိုင်တာကြောင့် အလှူရှင်များ အမြန်ဆုံး လိုအပ်နေကြပါတယ်။
လူ့အခွင့်ရေး ချိုးဖောက်ခံနေရတဲ့ ရခိုင်ပြည်နယ်တွင်း အသက်ရှင်လျက် ကျန်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ နေ့စဉ်ဘဝဟာ ပိုမိုကြမ်းတမ်း ခက်ခဲလျက်ရှိနေပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာတို့ ရသင့်ရထိုက်တဲ့ အခွင့်ရေးတွေကို ပိတ်ပင်တားမြစ်ထားတဲ့အပြင် အဘက်ဘက်က ဖိနှိပ်ချုပ်ချယ်မှုတွေကိုသာ ပြုလုပ်နေတာကြောင့် ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာ လူနည်းစုရဲ့ အနာဂတ်ဟာ ပျောက်ဆုံးနေတာပဲ ဖြစ်ပါတယ်။
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။