Press "Enter" to skip to content

ဒဂုံမြို့သစ်တောင်ပိုင်းရှိ အစ္စလာမ်တို့၏ ယာယီဝတ်ပြုဆောင်များတွင် ဝတ်ပြုမှုများကို အစွန်းရောက် ဗုဒ္ဓဘာသာဝင်များကန့်ကွက်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရမ်မသွာန်(ဥပုသ်လ)တစ်လတာ ယာယီဝတ်ပြုခွင့်ပေးထားတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ဘာသာရေးဝတ်ပြုဆောင် ၃ လုံးကို အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက ကန့်ကွက်ခဲ့တာကြောင့် ဝတ်ပြုခွင့် ပိတ်ပင်ခဲ့ကြောင်း သိရှိရပါတယ်။

အစ္စလာမ်ဘာသာဝင်ဦးရေ သောင်းကျော်ရှိတဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ အစ္စလာမ် ဘာသာဝင်များအတွက် နေ့စဉ်ဝတ်ပြုရန် ဗလီဝတ်ကျောင်းတော် တည်ဆောက်ခွင့်မရသည့်အတွက်  ဥပုသ်လတွင် ယာယီဝတ်ပြုခွင့်နေရာများကို ကာလသတ်မှတ်ချက်ဖြင့် တိုင်းအစိုးရအဖွဲ့က ချမှတ်ပေးပြီး ယခုနှစ်တွက် ၀တ်ပြုရန် ၁၅ နေရာ လျှောက်ထားခဲ့ရာမှ ၃ နေရာသာ ခွင့်ပြုခဲ့ပါတယ်။

ရမ်မသွာန်(ဥပုသ်လ)မှာ ဝတ်ပြုဖို့ ရန်ကုန်တိုင်းအစိုးရရဲ့ ခွင့်ပြုမိန့်ရရှိခဲ့တဲ့ နေရာ သုံးနေရာကတော့ ၂၆ရပ်ကွက်က ဦးမောင်မောင်ပိုင်ဆိုင်တဲ့ယာယီဝတ်ပြုဆောင်၊ ၆၄ရပ်ကွက်က ဟာဂျီဦးတင်စိုး ပိုင်ဆိုင်တဲ့ ယာယီဝတ်ပြုဆောင်နှင့် ၁၀၆ရပ်ကွက်က ဦးမြင့်လွင်ပိုင်ဆိုင်တဲ့ ယာယီဝတ်ပြုဆောင် တို့ပဲဖြစ်ပါတယ်။ ထိုယာယီဝတ်ပြုဆောင်တွေကို အစ္စလာမ်ဘာသာဝင်တွေ ၀တ်ပြုဆုတောင်းဖို့ တိုင်းအစိုးရအဖွဲ့က မေလ ၆ရက်နေ့ကနေ ဇွန်လ ၇ရက်နေ့အထိ တရားဝင် ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

ယာယီဝတ်ပြုဆောင်များ ပိတ်သိမ်းရေးအတွက် ရဟန်းတော်အချို့ပါဝင်တဲ့ လူအုပ်ကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မိုက်ကယ်ကျော်မြင့်က “ဒီအိမ်တွေကို ဝတ်ပြုဆောင်အဖြစ်အသုံးပြုဖို့ ဘယ်သူက ခွင့်ပြုတာလဲ။ခွင့်ပြုချက်မရှိတဲ့ ဒီအရာတွေကို ဘယ်သူတွေက ဒီကိစ္စကို မသိကျိုးကျွံပြုနေတာလဲ။ သူတို့တွေက လက်ခံနိုင်ရင်လည်း ငါတို့ကလက်မခံနိုင်ဘူး၊ ဒီမြို့နယ်မှာ ရှိနေတဲ့ ဝတ်ပြုဆောင်တွေကို ထပ်မံရှာဖွေပြီး ဝတ်ပြုခွင့်ကို ကန့်ကွက်သွားမှာ” ဖြစ်ကြောင်းပြောပါတယ်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD အစိုးရနှင့် စစ်အုပ်စုအကြား ပြိုင်ဆိုင်မှု အရှိန်မြင့်နေစဉ်အတွင်း တပ်မတော်ထောက်ခံပွဲတွေနဲ့ မဘသ ထောက်ခံပွဲတွေမှာ ဦးဆောင်သူတွေ ပါဝင်တဲ့ အင်အား ရာဂဏာန်းရှိ လူအုပ်စုတစ်စုက အစ္စလာမ်ဘာသာဝင်တို့ရဲ့ ယာယီ ၀တ်ပြုဆောင်များ ပိတ်သိမ်းရေးကို အုပ်စုဖွဲ့ဆောင်ရွက်လာခြင်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုကျော်က မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်မှာ ဖျက်ဆီးပိတ်သိမ်း ခံထားရတဲ့ ဗလီဝတ်ကျောင်းတော် ၂ လုံး ပြန်လည်ဖွင့်လှစ်ရေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုခဲ့ပေမယ့်လည်း မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက ယခုနှစ် ဧပြီလဆန်းပိုင်းမှာ ဒေသတွင်း မဲဆန္ဒပေးပွဲဖြင့် ပြန်လည်ပယ်ချခဲ့ပါတယ်။

ယခုဖြစ်ပွားတဲ့ ဒဂုံမြို့သစ်တောင်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုဆောင် ၃ခုကို ပိတ်ပေးဖို့ အုပ်စုဝိုင်းဖွဲ့ပြီး ခြိမ်းခြောက်ဖိအားပေးခဲ့တဲ့ဖြစ်ရပ်မှာ ဦးဆောင်ပါဝင်ခဲ့သူတွေထဲက တစ်စုံတစ်ယောက်ကိုပင် မြန်မာအစိုးရက ထိရောက်စွာ အရေးယူပေးခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။

Source: Myanmar Muslim Media / Irrawaddy / RFA

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.