၂၀၁၉ခုနှစ် မေလ ၁၂ရက် တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ မလေးရှားနိုင်ငံကို လေကြောင်းလိုင်းမှတစ်ဆင့် လူကုန်ကူးခံနေရတဲ့ ရိုဟင်ဂျာအမျိုးသမီး ၂၃ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒါကာမြို့မှာ အချိန်မှီ ကယ်တင်နိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲကပြောဆိုလိုက်ပါတယ်။
ဒါကာမြို့က ရဲတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ စနေနေ့က လူကုန်ကူးသူတွေကို ဖမ်းဆီးခဲ့ရာမှာ ၄င်းတို့နှင့်အတူ ဘင်္ဂလားဒေ့ရှ် ပတ်စပို့ အုပ်ရေပေါင်း ၅၀ကျော်ကို တစ်ပါတည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြို့ရဲ့မြောက်ဘက်ပိုင်းမှာရှိတဲ့ နေရာတစ်ခုကို ဝင်ရောက်စီနင်းချိန်မှာ ဆယ်ကျော်သက် မိန်းမပျိုလေးတွေက စက်ချုပ်ဆိုင် တစ်ဆိုင်ရဲ့ နောက်ဘက်မှာရှိတဲ့ အခန်းတစ်ခန်းထဲမှာ ပုန်းအောင်းနေတာ တွေ့ရှိခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိ Mokhlesur Rahmanက ပြောပါတယ်။
လူကုန်ကူးခံရသူ ရိုဟင်ဂျာ အမျိုးသမီးငယ်တွေကို မလေးရှားနိုင်ငံမှာ အလုပ်ရရှိမှာဖြစ်ကြောင်း လူကုန်ကူးသူတွေက သွေးဆောင်ဖျားယောင်း ပြောဆိုပြီး ကော့ဇ်ဘဇား ဒုက္ခသည်စခန်းကနေ ခေါ်ဆောင်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။
အသက် ၁၅နှစ်ကနေ ၁၉နှစ်အတွင်းရှိတဲ့ အမျိုးသမီးငယ်တွေဟာ ပြည့်တန်ဆာလုပ်ငန်းကို အတင်းအဓမ္မ လုပ်ကိုင်စေခြင်းခံရမယ့် သားကောင်များအဖြစ်သို့ ရောက်ရှိသွားနိုင်တဲ့ အလားလာရှိကြောင်း ထိုအရာရှိက ပြောပါတယ်။
လူကုန်ကူးသူလေးဦးကို ဖမ်းဆီးအရေးယူထားပြီး လူကုန်ကူးခံရခြင်းမှ ကယ်တင်နိုင်ခဲ့သည့် ရိုဟင်ဂျာ အမျိုးသမီးတွေကို သူတို့မူလခိုလှုံနေထိုင်တဲ့ ကော့ဇ်ဘဇားက ဒုက္ခသည်စခန်းကို ပြန်လည်ပို့ဆောင် လိုက်ကြောင်းပြောပါတယ်။
အာရ်ကာန်ဒေသရဲ့ ဌာနေတိုင်းရင်းသားဖြစ်တဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ မြန်မာအစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှု၊ မတရားညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုအပြင် အမျိုးစုံသော လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ခံနေကြရတာဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းစစ်ဆင်ရေးမှာ အသက်လုထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ မိမိတို့ လက်ရှိခိုလှုံရာ အရပ်ဒေသမှာလည်း လူကုန်ကူးသူတွေရဲ့ သားကောင်အဖြစ် ပစ်မှတ်ထားခြင်း ခံနေကြရတာပဲ ဖြစ်ပါတယ်။
Source: Aljazeera
Photo Credit: thedailystar
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။






