Press "Enter" to skip to content

စစ်တွေမြို့တွင် ရိုဟင်ဂျာ မွတ်စလင်များအတွက် တူရကီနိုင်ငံမှ ဆေးခန်းဖွင့်လှစ်

၂၀၁၉ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာမြန်မာနိုင်ငံရဲ့ အနောက်ဘက်ပိုင်းဖြစ်တဲ့ ဒေသခံ ရိုဟင်ဂျာမွတ်စလင်တို့ နေထိုင်ရာ ရခိုင်ပြည်နယ်မှာ တူရကီနိုင်ငံအစိုးရရဲ့ အကူညီပေးရေး အေဂျင်စီက ဆေးခန်းတစ်ခု ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။

ထိုဆေးခန်းကို ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ခွဲစိတ်မှု အသေးစားများ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုများ၊ ပြင်ပလူနာတွေနဲ့ အထွေထွေ စောင့်ရှောက် ကုသမှုတွေကို ဝန်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့ တူရကီပူးပေါင်းဆောင်ရွက်ရေးနှင့် ညှိနှိုင်းရေး အေဂျင်စီ (TİKA)က ပြောပါတယ်။

တူရကီနိုင်ငံက ဖွင့်လှစ်လိုက်တဲ့ ဆေးခန်းမှာ လူမျိုးဘာသာမရွေး ကျန်းမာရေး ဝန်ဆောင်မှု ရရှိမှာ ဖြစ်ပြီး ဆေးဝါးကုသမှုခံယူဖို့ အခက်ခဲပေါင်း မြောက်များစွာနဲ့ ရင်ဆိုင်နေကြရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ အတွက်တော့ လွန်စွာမှ အရေးပါတဲ့ ကျန်းမာရေး ထောက်ပံ့ကူညီမှု တစ်ခု ဖြစ်ပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေဟာ ကမ္ဘာ့နှိပ်စက်ညှင်းပမ်းမှုကို ခံရဆုံးသော လူမျိုးစုဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ မြန်မာအစိုးရရဲ့ လူသားချင်း စာနာမှု ကင်းမဲ့စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတွေကို ခံခဲ့ကြရပါတယ်။

၂၀၁၇ခုနှစ် မြန်မာအစိုးရက လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုန်းသတ်ဖြတ်မှု ပြုလုပ်ခဲ့တာကြောင့် သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ မြန်မာနိုင်ငံတွင်း ကျန်ရှိနေခဲ့သူတွေလည်း ယနေ့ချိန်ထိ မြန်မာအစိုးရရဲ့ ဖိနှိပ် သတ်ဖြတ်မှုတွေကို ခံနေကြရပါတယ်။

၂၀၁၇ခုနှစ် သြဂုတ်လမှ စတင်ပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာမွတ်စလင်ပေါင်း ၂သောင်းခွဲခန့်ကို သတ်ဖြတ်ခဲ့တယ်လို့ (OIDA)ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခံခဲ့ရသူပေါင်း သုံးသောင်းလေးထောင်ကျော် ရှိပြီး လူမဆန်စွာ ရိုက်နှက်မှုတွေကို ခံရသူပေါင်း (၁၁၄၀၀၀) ကျော်ရှိကြောင်း သိရပါတယ်။

ရိုဟင်ဂျာ အမျိုးသမီးပေါင်း ၁၈၀၀၀ခန့် မြန်မာစစ်တပ်နှင့် ရဲများရဲ့ အဓမ္မပြုကျင့်မှုတွေကို ခံခဲ့ကြရပြီး ရိုဟင်ဂျာနေအိမ်ပေါင်း (၁၁၅၀၀၀) မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။ တစ်ခြားနေအိမ်ပေါင်း ၁၁၃၀၀၀ခန့်ကိုလည်း ဖြိုဖျက် ဖျက်ဆီးခဲ့ကြပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာမွတ်စလင် ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေကိုလည်း ရိုက်နှက် သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လူသားချင်းစာနာမှု ကင်းမဲ့စွာ ညှင်းပမ်း ရိုက်နှက် နှိပ်စက် သတ်ဖြတ်မှုတွေကို ခံခဲ့ကြရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုခံ ရိုဟင်ဂျာမွတ်စလင်တွေအတွက် တရားမျှတမှုကို မြန်မာအစိုးရက ယနေ့ထိတိုင် ဖော်ဆောင်ပေးခြင်းမရှိပါ။

Source: hurriyetdailynews

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.