ရခိုင်ပြည်နယ် အနောက်ပိုင်းမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုကင်းမဲ့စွာ သတ်ဖြတ်မှုတွေပြုလုပ်တာကို စုံစမ်းဖော်ထုတ်ခဲ့တာကြောင့် ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးအတွက် အယူခံတင်ထားတာကို လာမယ့် အင်္ဂါနေ့မှာ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ အမိန့်ချမှတ်မှာဖြစ်ကြောင်း သိရပါတယ်။
အသက်(၃၂)နှစ်အရွယ်ရှိတဲ့ ကိုဝလုံးနှင့် အသက် ၂၈နှစ်အရွယ်ဖြစ်တဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို အင်းဒင်မှာ ရိုဟင်ဂျာ(၁၀)ဦး သတ်ခံရတာကို စုံစမ်းစစ်ဆေး ဖော်ထုတ်ခဲ့တာကြောင့် နိုင်ငံတော် ထိပ်တန်း လျို့ဝှက်ချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြီး ထောင်ချောက်ဆင် ဖမ်းဆီးကာ ၂၀၁၈ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့မှာ မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် (၇)နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။
အယူခံဝင်ထားတဲ့ နောက်ဆုံးအဆင့်မှာတော့ အကောင်းဆုံးအတွက် ကျွန်တော်တို့ မျှော်လင့်နေကြောင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက တရားမျှတစွာ ပြန်လည်သုံးသပ်ပြီး မှန်ကန်တဲ့ စီရင်ချက် ချမှတ်ဖို့လည်း မျှော်လင့်နေကြောင်း သတင်းထောက်နှစ်ဦးရဲ့ ဥပဒေရေးရာ ရှေ့နေ တစ်ဦးဖြစ်တဲ့ ဦးသန်းဇော်အောင်က ပြောပါတယ်။
၂၀၁၇ခုနှစ် စက်တင်ဘာလမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာအမျိုးသား (၁၀)ဦး အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခံထားရတာကို စုံစမ်းစစ်ဆေး ထုတ်ဖော် ရေးသားခဲ့တာကြောင့် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးဟာ ရိုက်တာ သတင်းသမား တွေနဲ့အတူ ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ သတင်းပေးပို့ချက်ဆိုင်ရာ ပူလစ်ဇာဆုကို ရရှိထားတာပဲ ဖြစ်ပါတယ်။
ကိုဝလုံးရဲ့အမျိုးသမီးဖြစ်သူ မပန်းအိမွန်ကလည်း ခုချီးမြှင့်ခံရတဲ့ ပူလစ်ဇာဆုက သူမအမျိုးသားကို အကျဉ်းထောင်မှ လွှတ်မြောက်ရန် အကူညီဖြစ်စေဖို့ မျှော်လင့်နေပါတယ်။ သူမအနေနဲ့ မိသားစုပြန်လည် ဆုံစည်းနိုင်ဖို့ကိုသာ ရိုရှင်းစွာ တောင့်တကြောင်းနဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်နိုင်ခဲ့တာဟာ အမှားတစ်ခုကို ကျူးလွန်တာ မဟုတ်တာကြောင့် ကိုဝလုံး ပြန်လည် လွှတ်မြောက်လာဖို့ မျှော်လင့်နေကြောင်း ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်းနေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ၂၀၁၇ခုနှစ်မှာ မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေးတွေပြုလုပ်ခဲ့ပြီး သန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေကြရပါတယ်။ ဒီအဖြစ်ပျက်တွေဟာ မြန်မာအစိုးရက ဒေသခံ ရိုဟင်ဂျာတွေကို နည်းစနစ်ကျကျ စီစဉ်ထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။
Photo Credit: pressgazette
Source: Anadolu Agency