Press "Enter" to skip to content

ရိုဟင်ဂျာအရေး ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားလျှောက်ထားမှုမှာ ဒေါ်အောင်ဆန်းစုကြည်အမည်ပါဝင်လာ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့မှုအတွက် စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားအစိုးရရှေ့နေက တရားရုံးထံ ဇွန်လ ၂၈ ရက်နေ့က တင်သွင်းတဲ့ လျှောက်လွှာထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ရဲ့ အမည်တွေ ပါဝင်နေတယ်လို့ မြန်မာ-ရိုဟင်ဂျာအသင်းယူကေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်း ရေးသားထားပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူပေးဖို့ မြန်မာ-ရိုဟင်ဂျာအသင်း ယူကေက ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ အာဂျင်တီးနားတရားရုံးထံ တင်ပြခဲ့ပြီး နောက်ဆက်တွဲ အစိုးရရှေ့နေက မနေ့က ထပ်မံတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အစိုးရရှေ့နေက တင်သွင်းတဲ့ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ နာမည်တွေပါလာပေမဲ့ အရေးယူခံရမှုမှာ သူတို့ပါဝင်လာနိုင်ခြေမရှိဘူးလို့ မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က သူ့အမြင်ကို ပြောပါတယ်။

“ကျွန်တော်တို့ သိထားသလောက်က လက်ရှိမြန်မာနိုင်ငံရေးအခြေအနေနဲ့ တရားရုံးက ထည့်သွင်းမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ယုံကြည်တယ်။ ကျွန်တော်တို့ဘက်က ဖမ်းဝရမ်းထုတ်ဖို့ စာရင်းထည့်ထားတဲ့ အထဲမှာ ဒေါ်စုနဲ့ သမ္မတ ဦးထင်ကျော် မပါပါဘူးခင်ဗျ။ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေပဲ ပါတယ်။”

တရားရုံးရဲ့ စစ်ဆေးမှုတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်နုဲ့ ပတ်သက်တာမရှိဘဲ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကိုသာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး၊ သက်သေတွေ ရယူခဲ့တာလို့ အသင်းဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အမည်စာရင်းမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် အမိန့်ပေးစေခိုင်းခဲ့တဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ အမှတ် (၃၃) ခြေမြန်တပ်ရင်းတပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ ရဲအရာရှိ ကျော်ချေနဲ့ ကျေးရွာဥက္ကဋ္ဌ ဦးအောင်ဆန်းမြတို့ ပါဝင်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဒီနှစ်အတွင်း အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လာနိုင်တယ်လို့လည်း ဦးထွန်းခင်က ပြောပါတယ်။

“တရားရုံးက အနည်းဆုံးတော့ နှစ်လ၊ သုံးလလောက်တော့ကြာမယ်ထင်တယ်။ အကျိုးဆက်ကတော့ တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်မယ်ဆိုရင် နိုင်ငံတကာရဲအဖွဲ့ချုပ်ဆီ ဖမ်းဝရမ်းရောက်မယ်၊ အဲ့ဒီနောက် အာဆီယံ၊ ဥရောပ၊ အမေရိကန်၊ အင်္ဂလန်၊ အရှေ့အလယ်ပိုင်းနိုင်ငံနဲ့ အနောက်နိုင်ငံတွေဆီပို့ပေးလိမ့်မယ်။ မင်းအောင်လှိုင်က ပြည်တွင်းထဲမှာပဲ နေရမယ်။ ပြည်ပကိုထွက်ဖို့ သူဘယ်လိုမှလွယ်တော့မှာမဟုတ်ဘူး။”

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ်ပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံးခုံရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက တိုင်ကြားထားတာလည်း ရှိပါတယ်။

Rohingya Vision News

More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.