Press "Enter" to skip to content

ရခိုင်ပြည်နယ်မှ ဖိနှိပ်မှုရှောင် ရိုဟင်ဂျာ(၆)ဦး ရန်ကုန်-စစ်တွေ အဝေးပြေးလမ်း၌ ဖမ်းဆီးခံရ

၂၀၁၉ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၉) ရက်နေ့တွင် စစ်တွေမြို့မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် ရိုးမ မန္တလာ ခရီးသည်ပို့ဆောင်ရေး ယာဉ်နှင့်လိုက်ပါလာသည့် ရခိုင်ပြည်နယ်မှ ဖိနှိပ်မှုရှောင် ရိုဟင်ဂျာ(၆)ဦးကို မကွေးတိုင်း၊ ငဖဲမြို့နယ်၊ပျဉ်ဝကျေးရွာအနီး နတ်ရေကန်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးလိုက်ကြောင်း News Watchတွင် ရေးသားဖော်ပြထားပါသည်။

ရခိုင်ပြည်နယ်တွင် နေ့စဉ်နှင့်အမျှ လူ့အခွင့်ရေး ချိုးဖောက်ခံနေရသည့် ဖိနှိပ်ခံ ရိုဟင်ဂျာမွတ်စလင်တို့ အနေနှင့် မိမိတို့ လုံခြုံစွာ နေထိုင်နိုင်မည်ဟု ထင်သော အရပ်ဒေသများသို့ ထွက်ပြေး တိမ်းရှောင်လျက် ရှိနေကြပါတယ်။ ရခိုင်ပြည်နယ်တွင်း နေထိုင်ကြသော ဒေသခံ ရိုဟင်ဂျာများကို မြန်မာအစိုးရမှ မြန်မာနိုင်ငံသားဖြစ်ခွင့် မပေးသောကြောင့် အထောက်ထားမဲ့ ဘဝသို့ ရောက်ရှိနေသည့်အပြင် ထိုသူတို့၏ ပြည်တွင်း သွားလာ လှုပ်ရှားမှုများကိုပင် ကန့်သတ် ထိန်းချုပ် ထားတာပဲ ဖြစ်ပါတယ်။

နိုင်ငံသားဖြစ်ခွင့် မရရှိသော အပြစ်မဲ့ရိုဟင်ဂျာများကို နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖိနှိပ်ခံနေရခြင်းမှ လွှတ်မြောက်ရန် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ပြေးခိုလှုံရန်သွားနေကြသော ဖိနှိပ်မှုရှောင် ရိုဟင်ဂျာ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၄)ဦး၊ စုစုပေါင်း (၆)ဦးတို့ကို မြန်မာအစိုးရမှ ဖမ်းဆီးကာ ခိုးဝင်ဘင်္ဂါလီဟု မတရားစွပ်စွဲနေပြီး  လ.ဝ.က ဥပဒေဖြင့် အရေးယူမည်ဟု သိရှိရပါတယ်။

ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး မှစပြီး အစစအရာရာ ကန့်သတ်ချုပ်ထိန်းမှု ခံနေရသည့်အပြင် မြန်မာအစိုးရ၏ လူမျိုးတုန်း သတ်ဖြတ်မှုကို ရင်ဆိုင်နေကြရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေအနေနဲ့ နီးစပ်ရာနိုင်ငံများသို့ ထွက်ပြေးခိုလှုံလျက်ရှိနေကြပြီး တစ်ချို့သောသူများက ပြည်မသို့ခို့လှုံရန် ထွက်ပြေးစဉ်အတွင်း မြန်မာအစိုးရမှ ဖမ်းဆီးထောင်ချမှုတွေပြုလုပ်နေတာပဲ ဖြစ်ပါတယ်။နေ့စဉ် ဖိနှိပ်မှုမျိုးစုံကို ရင်ဆိုင်နေကြရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အနေနဲ့ တရားမျှတမှုကို အမြဲလိုလားလျက်ရှိနေကြပါတယ်။
Photo Credit: NEWS WATCH

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.