မြန်မာစစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် တက္ကနပ်ဖ်က ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၃ ရက်နေ့ မနက်အစောပိုင်းအထိ မောင်တောဘက်ကို လေကြောင်းကနေ ဗုံးတွေကြဲချ တိုက်ခိုက်နေတာကြောင့် နယ်စပ်တစ်လျှောက် ဗုံးပေါက်ကွဲသံတွေ အဆက်မပြတ်ကြားနေရတယ်လို့ ဒေသခံတွေက ပြောဆိုကြောင်း Dhakha Tribune သတင်းမှာ မနေ့က ဖော်ပြပါတယ်။
ဒီပေါက်ကွဲသံတွေကို ရခိုင်ပြည်နယ်နဲ့ နီးတဲ့ တက္ကနပ်ဖ်နဲ့ စိန့်မာတင်ကျွန်းအပါအဝင် နေရာလေးခုက ဘင်္ဂလားဒေ့ရှ်ဒေသခံတွေ အတိုင်းသားကြားနေရတယ်လို့ ဆိုပါတယ်။
လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကနေ ဒီလိုပေါက်ကွဲသံတွေကို နယ်စပ်တစ်လျှောက် မကြာခဏကြားရကြောင်း တက္ကနပ်ဖ်မြို့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ကတော့ ပေါက်ကွဲသံတွေ တော်တော်ပြင်းထန်တာကြောင့် နယ်စပ်အနီး နေထိုင်သူတွေ သတိထားနေထိုင်ကြဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ကိုးလအတွင်း အခြေအနေတွေ ဆိုးရွားခဲ့ပေမဲ့ စနေနေ့ည အခြေအနေက ကြောက်စရာအကောင်းဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြောင်းလည်း The Business Standard သတင်းမှာ ဖော်ပြပါတယ်။ ငါးမိနစ်ကြား တစ်ခါ မော်တာကျည်ပေါက်ကွဲသံတွေ ကြားနေရတာကြောင့် စိုးရိမ်စိတ်တွေနဲ့ အိပ်လို့မရခဲ့ဘူးလို့ တက္ကနပ်ဖ်ဒေသခံတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာတွေ ထပ်ပြီးဝင်မလာအောင် အထူးသတိထားစောင့်ကြပ်နေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
Rohingya Vision News